နွေစပါးဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် စပါးတင်း သိန်း ၁၅၀ နဲ့ ဧည့်မထဆန်အိတ် ၄ သိန်း ကို ဧပြီ နဲ့ မေလတွေမှာ ဝယ်ယူသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ပါတယ်။လက်ရှိမှာ နိုင်ငံတကာဝယ်လိုအားကျဆင်းနေပြီး ပြည်တွင်းဝယ်လိုအားကျဆင်းနေတဲ့အတွက် ဆန်စပါးဈေးကွက် အတွင်း ဧည့်မထနွေစပါးဈေးနှုန်းတွေကျဆင်းသလို ရောင်းချဖို့အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နွေစပါးစိုက်တောင်သူတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ ပို့ကုန်ကုမ္ပဏီတွေ ၊ အသင်းဝင်ဆန်စက်တွေနဲ့ညှိနှိုင်းပေါင်းစပ်ပြီး စပါးတင်း သိန်း ၁၅၀ နဲ့ ဧည့်မထ ဆန်အိတ် ၄ သိန်း ကို ဝယ်ယူပေးသွားမှာဖြစ်ပါတယ်။မတ်လပထမပတ်လောက်က စပါးတင်းတစ်ရာကို ကျပ် ၁၇ သိန်း လောက် ရရှိခဲ့တဲ့စပါးတွေဟာ လက်ရှိမှာ တင်းတစ် ရာကို ကျပ် ၁၂ သိန်းခွဲဝန်းကျင် နဲ့ ရက် ၉၀ အကောင်းဆုံးစပါးတင်းတစ်ရာကို ကျပ် ၁၅ သိန်းစွန်းစွန်းလောက်သာ ရရှိနေပြီး တစ်ချို့ဆန်စက်တွေက စပါးအဝယ်ရပ်ထားကြတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်က စပါးစိုက်တောင်သူ ဦးသန်းစိုးက ပြောပါတယ်။စပါးတစ်ဧကကို စိုက်ပျိုးထုတ်ပျိုးထုတ်လုပ်မှုစရိတ်က ရေသွင်းစိုက်ရင်ကျပ် ၁၅ သိန်း လောက်ရှိပြီး သဘာဝရေနဲ့ စိုက်ပျိုးရင် ကျပ် ၁၁ သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စပါးပေါက်ဈေးက တစ်ဧကကို တင်းတစ်ရာထွက်တဲ့တောင်သူတွေအတွက်တောင် အရှုံးပေါ် နေတဲ့အခြေအနေရှိပြီး တင်းတစ်ရာအောက်သာထွက်တဲ့တောင်သူတွေအတွက် အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။လယ်သမားတွေအနေနဲ့ ဈေးပြန်ကောင်းလာမယ့်အချိန်ကို စောင့်ပြီးမလှောင်ထားနိုင်တဲ့အခြေအနေတွေကြောင့် ရရာဈေးနဲ့ အရှုံးခံရောင်းချနေကြရတယ်လို့ ဦးသန်းစိုးက ဆက်ပြောပါတယ်။ဒါကြောင့် ဆန် နဲ့ စပါးရောင်းချဖို့ အခက်အခဲရှိနေတဲ့ တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ရုံးဖုန်းနံပါတ် ၀၁- ၂၃၀၁၁၂၈ ၊ ၀၁-၂၃၀၁၁၂၉ ၊ ၀၁- ၂၁၈၂၆၆၊ ၀၁-၂၁၈၂၆၈ ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။