မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)နဲ့ စီမံကိန်းနှစ်ခု အကောင်အထည်ဖော်ဆောင် ရွက်သွားမယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနက သိရပါတယ်။အဲဒီရန်ပုံငွေနဲ့ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ သုတေသနစင်တာ တည်ဆောက်ရေးစီမံကိန်း (လုပ်ငန်းစဉ် ၁) စီမံကိန်းနဲ့ ဒီဂျစ်တယ် စီးပွားရေးကို ပံ့ပိုးပေးနိုင်ဖို့အတွက် အိုင်စီတီ ပူးပေါင်းဆောင်ရွက်တဲ့ ဆန်း သစ်တီထွင်မှုတွေ တိုးမြှင့်ခြင်းဆိုင်ရာ စီမံကိန်းတွေကို ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်း ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ပြောကြားထားပါတယ်။မြန်မာနိုင်ငံမှာ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရင် စီးပွားရေးမျိုးစုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး အတွက် အရေးကြီးတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်မယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။အလားတူ အိုင်စီတီ ပူးပေါင်းဆောင်ရွက်တဲ့ ဆန်းသစ်တီထွင်မှုများတိုးမြှင့်ခြင်းဆိုင်ရာ စီမံကိန်းတွေကို ဖော်ဆောင်နိုင်ရင် မြန်မာအနေနဲ့ ကမ္ဘာ့နည်းပညာတိုးတက်မှုမှာ အတူပါဝင်နိုင်မှာဖြစ်သလို ဒီဂျစ်တယ်ခေတ်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ရရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးရန်ပုံငွေနဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကာလမှာ ဒီဂျစ်တယ်စီးပွားရေးကို အထောက်အကူဖြစ်စေတဲ့ Cloud Computing ၊ Cybersecurity Training၊ Data Analytics ၊ National Tech Transfer ၊ Database စတာတွေကို တည်ထောင်သွားမယ်လို့ သိရပါတယ်။ဝါး ဟာလည်း ကြီးထွားမြန်တဲ့ သယံဇာတဖြစ်တဲ့အတွက် ဆောက်လုပ်ရေး၊ ပရိဘောဂ၊ လက်မှုလုပ်ငန်းတွေမှာ အသုံးချနိုင်မယ့်တန်ဖိုးရှိတဲ့ သယံဇာတဖြစ်ပါတယ်။ ဝါးထုတ်လုပ်မှုကို အားပေးခြင်းအားဖြင့် ထုတ်ကုန်တင်ပို့မှုကို တိုးမြှင့်နိုင်မှာဖြစ်သလို ကုန်သွယ်မှု တိုက်ရိုက် ပေါင်းစပ်နိုင်ပြီး ကျေးလက်ဒေသတွေမှာ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။လက်ရှိ ပြည်တွင်းမှာ ကြိမ်၊ဝါးနဲ့ လက်မှုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၉ ခု လောက်ရှိတယ်လို့ မြန်မာနိုင်ငံ ကြိမ်ဝါး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ ကျေးလက်ဒေသ အခြေခံထုတ်ကုန်ဖြစ်တဲ့ ကြိမ်၊ ဝါး နဲ့ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေကို ပြည်ပ ဈေးကွက်မှာ ၈၀ ရာခိုင်နှုန်း တင်ပို့နေပြီး ပြည်တွင်း ဈေးကွက်မှာ ၂၀ ရာခိုင်နှုန်း ဖြန့်ဖြူး ရောင်းချနေတယ်လို့ သိရပါတယ်။