ပြင်သစ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲမှာ နိုင်ပွဲနဲ့အတူ ပြန်လာနိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို နည်းပြ ဒက်ချမ့်စ်က ပြောသွားခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ခရိုအေးရှားမြေမှာ ကစားခဲ့တဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ၂ ဂိုးပြတ်နဲ့ ရှုးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲမှာ အနိုင်ရမှသာ နေးရှင်းလိဂ် ဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်ကစားဖိုအတွက် မျှော်လင့်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ပြင်သစ် အသင်းဟာ ပွဲအစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ပင်နယ်တီကိုလည်း ဂိုးသမား မိုင်နန်က ကာကွယ်နိုင်ခဲ့ပေမယ့် ပထမ ပိုင်း မပြီးခင်မှာပဲ ခရိုအေးရှားအသင်းကို ၂ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဒက်ချမ့်စ်ကတော့ နောက် ၃ ရက် အကြာမှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာ ပြင်သစ်အသင်းအနေနဲ့ ပထမအကျော့ပွဲက အမှားတွေကို ပြင်ဆင်ပြီး ပထမအကျော့ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ဒုတိယအကျော့မှာ နိုင်ပွဲရဖိုအတွက် ကြိုးစားလိုရတဲ့ နည်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားသွား မှာဖြစ်တယ်လိုလည်း ဒက်ချမ့်စ်က ခရိုအေးရှားအသင်းကို သတိပေးသွားခဲ့ပါတယ်။ ခရိုအေးရှားအသင်းနဲ့ ပွဲမှာ ပြင်သစ်အသင်းအတွက် ၆ လအတွင်း ပထမဆုံးအကြိမ် ပြန်ကစားပေးခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့ ခြေစွမ်းကို လည်း သဘောကျတယ်လို ဒက်ချမ့်စ်က ပြောသွားခဲ့ပါတယ်။