ကြာသပတေးညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲမှာ ဘာရိန်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

ဆိုင်တာမာမြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂျပန်အသင်းဟာ ကွင်းလယ်လူ ကာမာဒါ၊ တောင်ပံတိုက်စစ်မှူး ကူဘိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာရိန်းအသင်းကို အနိုင်ရခဲ့တာပါ။ အခုနိုင်ပွဲကြောင့် ဂျပန်အသင်းဟာ အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့် Group (B) မှာ ၇ ပွဲကစား ၆ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နိုင် ခဲ့ပါတယ်။ ခြေစစ်ပွဲကစားဖို့ ၃ ပွဲသာ ကျန်တော့ချိန်မှာ ဂျပန်အသင်းက ဒုတိယနေရာက ဩစတြေးလျကို ၉ မှတ် ဖြတ်ထားသလို တတိယနေရာက ဆော်ဒီအသင်းကိုလည်း ၁၀ မှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စုထိပ်ဆုံး ၂ သင်းက ၂၀၂၆ ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်တာကြောင့် ခြေစစ်ပွဲစဉ်တွေ မပြီးဆုံးခင်မှာပဲ ဂျပန် အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ကို သေချာသွားခဲ့တာပါ။ ဂျပန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေစပြီး အခု ၂၀၂၆ ကမ္ဘာ့ဖလားအထိ တောက်လျှောက်ဝင်ပြိုင်ခွင့် ရခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်ကစားနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။