ဒိန်းမတ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ပေါ်တူဂီအသင်းကစားပုံဟာ သူ့လက်ထက်၂ နှစ်တာကာလ အတွင်း အဆိုးရွားဆုံး ကစားပုံဖြစ်တယ်လို့ ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ပြောသွားခဲ့ပါတယ်။

ဒိန်းမတ် အသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းတိုက်စစ် ကစားပုံက အားနည်းချက်တွေရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းလိုက် ကစားပုံလည်း မကောင်းခဲ့သလို ကစားသမားတွေအကြား နားလည်မှုတွေကလည်း မကြာခဏ ဆိုသလို လွဲနေခဲ့တာ တွေ့ခဲ့ရတာပါ။ အခုပွဲမှာ ပေါ်တူဂီဂိုးသမား ဒီယိုဂို ကော်စတာ လက်စွမ်းပြနိုင်ခဲ့ လို့သာ ပေါ်တူဂီအသင်း ဂိုးနည်းနည်းနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။၊ ဒိန်းမတ်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု ၂၃ ကြိမ်အထိ လုပ်နိုင်ခဲ့ပေမယ့် ပေါ်တူဂီ အသင်းကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု ၈ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။

လိုချင်တဲ့ ပုံစံအတိုင်း မကစားနိုင်ခဲ့သလို အခုည ပေါ်တူဂီအသင်းကစားပုံက ၂ နှစ်အတွင်း အဆိုးရွားဆုံးပါပဲလို့ ပွဲအပြီးမှာ နည်းပြ မာတီနက်ဇ်က သူ့အသင်းအပေါ် ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလမှာ နောက်ဆုံးပွဲကို ကစားထားခဲ့ပြီးနောက် ၄ လ အကြာမှ ပွဲပြန်ကစားရတာကြောင့် အသင်းလိုက်နားလည်မှုကို တည်ငြိမ်မှုရဖို့က ခက်ခဲခဲ့ ပါတယ်လို့လည်း မာတီနက်ဇ်က ပြောသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ဒုတိယအကျော့မှာ ပိုကောင်းအောင် ကစားဖို့လိုအပ်သလို လေ့ကျင့်ရေးကွင်းမှာ ပြင်ဆင်မှုတွေကို သေချာလုပ် သွားရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။