အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်တွေ ပြန်လည်စတင်ပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ ဟားမာ့စ် အဖွဲ့ဟာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ဒုံးကျည်သုံးစင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်တဲ့နှစ်စင်းကတော့ လူနေထိုင်တာမရှိတဲ့ နေရာတွေကို ကျရောက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က ပြောပါတယ်။

မတ်လ ၁၈ ရက် တိုက်ပွဲတွေ ပြန်လည်စတင်ချိန်ကစလို့ လက်ရှိအချိန်အထိ ဂါဇာကမ်းမြောင်မှာ ကလေးငယ် ၂၀၀ ကျော်အပါအဝင် အနည်းဆုံး လူ ၅၉၁ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါ တယ်။ အစ္စရေးတပ်ဖွဲ့ဘက်ကတော့ မတ်လ ၂၀ ရက် ညနေပိုင်းကစလို့ အီဂျစ်နယ်စပ်အနီး ရာဖာဒေသမှာ မြေပြင်လှုပ်ရှားမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ အစ္စရေးတပ်တွေက မတ်လ ၁၉ ရက်ကစလို့ ဂါဇာမြောက်ပိုင်း နဲ့ တောင်ပိုင်းကို ပိုင်းခြားထားတဲ့ ဗျူဟာမြောက် ဧရိယာဖြစ်တဲ့ နေဇာရိမ်စင်္ကြံအထိ တိုးချဲ့နေရာယူထားတာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ဓားစာခံတွေကို ဟားမာ့စ်အဖွဲ့က ပြန်မလွှတ်မချင်း တိုက်ခိုက်မှုတွေ ဆက်ပြင်းထန်လာမယ်လို့ အစ္စရေးက သတိပေးထားပြီး လက်ရှိမှာ ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားဆဲဖြစ်တဲ့ ဓားစာခံ ၅၉ ယောက်ထဲမှာ ၂၄ ယောက် အသက်ရှင်နေသေးတယ်လို့ အစ္စရေးဘက်က ယုံကြည်ထားပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်က ပြန်လည်စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ (UNRWA) ဝန်ထမ်း ၅ ယောက် သေဆုံးခဲ့တယ်လို့ အေဂျင်စီအကြီးအကဲက ပြောပါတယ်။အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးရဲ့ ဆောင်ရွက်ချက်တွေအပေါ် အပြည့်အဝ ထောက်ခံကြောင်း ပြောထားပါတယ်။