ကျပ်ဘီလီယံ ၂၀ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ သယ်ဆောင်တဲ့ဂိုဏ်းကို ဇွန်လ၂၅ ရက်က နေပြည်တော်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကတော့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၅ ရက် မနက် ၇ နာရီအချိန်က နေပြည်တောင် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းမှာ လိုက်ထရပ်မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေရာ လူ နှစ်ယောက်နဲ့အတူ ယာဉ်ပေါ်ကနေ ကာလတန်ဖိုး ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ် ချက်တွေအရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ ပါဝင်တဲ့သူ ၃ ယောက်ကို ရမည်းသင်းမြို့နယ်နဲ့ နောက် ထပ် ၃ ယောက်ကို ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်က ဟိုတယ်တစ်ခုမှာ ထပ်မံဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးတွေသယ်ဆောင်ရာမှာ စီမံဆောင်ရွက်သူကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ကျူးလွန်သူတွေကိုလည်း ဆက်လက် စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
