ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ဒူးဒဏ်ရာခွဲစိတ်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ပွဲအဖြစ် ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှာ အနိုင်ရခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဇွန်လအစောပိုင်းမှာ ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူခဲ့ရတာကြောင့် အခုပြိုင်ပွဲမတိုင်မီ ကြံ့ခိုင်မှုပြည့်ဝဖို့က မသေချာတဲ့ အခြေအနေမှာ ရှိခဲ့တာပါ။
ဒါပေမဲ့ ဂျိုကိုဗစ်ဟာ ဇူလိုင်လ ၂ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချက်တင်းနစ်သမား ကော့ပရီဗာနဲ့ ပထမအဆင့်ပွဲမှာတော့ ပြိုင်ဘက်ကို သက်သောင့်သက်သာကစားပြီး အနိုင်ရခဲ့ပါတယ်။
ပွဲကစားချိန် ၁ နာရီနဲ့ ၂၈ မိနစ်သာ ကြာမြင့်ခဲ့တာ ဖြစ်ပြီး ဂျိုကိုဗစ်က ကော့ပရီဗာကို (၆း၁၊၆း၂၊၆း၂)ဆိုတဲ့ရလဒ်နဲ့ ဒုတိယအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်ခံထားရတဲ့ ညာဘက်ဒူးကို ဒူးစွပ်ဝတ်ဆင်ပြီး ကစားခဲ့ရပေမယ့် ဂျိုကိုဗစ်က အကောင်းဆုံးပုံစံကို ပြသသွား နိုင်ခဲ့တာပါ။
ဒဏ်ရာက နာကျင်မှုမရှိဘဲ ကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်မိသလို လာမယ့်ပွဲတွေမှာလည်း အခုလို ပုံစံကို ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။ ဂျိုကိုဗစ်ဟာ ဒုတိယအဆင့်မှာ ဗြိတိန်တင်းနစ်သမား ဖီယန်လေးနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။