ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ ဇူလိုင် ၂ ရက်က ဆန္ဒထုတ်ဖော်သူတွေက ရဲတပ်ဖွဲ့ရဲ့အင်အားသုံးစွဲနှိမ်နင်းမှု အဆုံးသတ်ဖို့ တောင်းဆိုတဲ့အနေနဲ့ ခေါင်းတလားအလွတ်တွေပါတဲ့ ခင်းကျင်းပြသမှုတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။

သမ္မတရူတို အဆိုပြုခဲ့တဲ့ အခွန်တိုးကောက်မယ့်အပေါ် ဒေါသထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ မူလက အများစုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် ဇွန် ၂၄ ရက်ကတော့ ဆန္ဒထုတ်ဖော်သူတချို့ဟာ လွှတ်တော်ကို ဝင်စီးဖို့အထိ ကြိုးပမ်းခဲ့ကြပါတယ်။

ဘဏ္ဍာရေးဥပဒေမူကြမ်းမှာ ဖော်ပြထားတဲ့ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံနီးပါး အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်အပေါ် အွန်လိုင်းကနေ ကန့်ကွက်မှုတွေ စတင်ခဲ့ရာက အခုအခါ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ အဂတိလိုက်စားမှုနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာပါ တယ်။

ပြည်သူတွေရဲ့ သဘောထားကွဲလွဲမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ရူတိုက အခွန်တိုးကောက်မယ့် အစီအစဉ် တွေ ရုပ်သိမ်းလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရေး နည်းလမ်းတွေ ရှာဖွေဖို့ ဘဏ္ဍာရေး ဌာနကို ညွှန်ကြားခဲ့ပါတယ်။ စီးပွားရေးအကျပ်အတည်းကို စီမံခန့်ခွဲဖို့ ငွေတိုးမြှင့်ချေးယူဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့နဲ့ ဆန္ဒထုတ်ဖော်သူတွေ ထိပ်တိုက်တိုးတဲ့ ပဋိပက္ခ တွေမှာ ကင်ညာနိုင်ငံသား ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး အခြေအနေက အကြမ်းဖက်မှုတွေအထိ တိုးမြင့် ဖြစ်ပေါ် လာခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်သူတွေကတော့ ရူတိုအစိုးရဆီက တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တွေကို ဆက်လက်တောင်းဆိုနေဆဲ ဖြစ်ပါတယ်။