ပိုလန်နဲ့ ဂျာမနီတို့ဟာ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဂျာမနီဟာ ဥရောပသမဂ္ဂနဲ့ ပြင်ပနယ်စပ်ကို ကာကွယ်ဖို့ တာဝန်ပိုယူလိမ့်မယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၂ ရက် က ဂျာမန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပြီးမှာ ပြောဆိုခဲ့တာပါ။ ဥရောပလိုလားတဲ့ နိုင်ငံရေးသမားတွေဟာ သာမန်မဲဆန္ဒရှင်တွေအတွက် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုလို ပြဿနာတွေကို ဖြေရှင်းရာမှာ ပြတ်ပြတ် သားသား လုပ်ဆောင်ရမယ်လို့လည်း ဒေါ်နယ်တပ်စ်ခ်က ပြောပါတယ်။
ပြင်သစ်မှာ မာရီလီပန်ရဲ့လက်ယာစွန်း RN ပါတီက မကြုံစဖူး လူကြိုက်များနေပေမယ့် ပဲရစ်၊ ဘာလင်နဲ့ ဝါဆောအကြား ဆက်ဆံရေး ခိုင်မာနေမှာ သေချာတယ်လို့ ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှိုးလ်က ပြောပါတယ်။

အင်္ဂါနေ့က အစိုးရတွေအကြား ဆွေးနွေးပွဲ အပြီး ဂျာမနီနဲ့ ပိုလန်တို့ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တစ်ရပ်ကို တင်ပြခဲ့ ပါတယ်။
နေတိုးအရှေ့ဘက်နယ်စပ်မှာ တပ်တွေအားကောင်းလာဖို့နဲ့ ယူကရိန်းအကူအညီတွေ ညှိနှိုင်းရေး အပါအဝင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
အိုလက်ရှိုးလ်က နိုင်ငံတွေရဲ့ လက်နက်ဝယ်ယူမှုအတွက် ဘဏ္ဍာရေးကိစ္စ ဒါမှမဟုတ် နိုင်ငံ့ကာကွယ်ရေး ဘတ်ဂျက်ကိစ္စတွေမှာတော့ အီးယူအဖွဲ့အနေနဲ့ ဝင်မပါသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။