အင်ဒီးယန်းဝဲလ် အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဆီမီးဖိုင်နယ်တက်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဆွီယာတက်ခ်ဟာ ပြီးခဲ့တဲ့နှစ် ပဲရစ်အိုလံပစ်တုန်းက ရှုးနိမ့်ထားခဲ့ဖူးတဲ့ တရုတ်တင်းနစ်မယ် ကျန်ကျင်းဝမ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်တွေ့ဆုံမှုတော့ ဆွီယာတက်ခ်က လက်စွမ်းပိုင်းအသာစီးနဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပွဲလတ်ကစားပြီးချိန်မှာ ဆွီယာတက်ခ်က ၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲလတ်မှာလည်း ၅း၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ရာသီဥတုဆိုးရွားလာခဲ့လို ပွဲကို ခေတ္တရပ်နားခဲ့ရပြီးမှ ပြန်လည်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲကို ပြန်လည်ယှဉ်ပြိုင်ချိန်မှာ ကျန်ကျင်းဝမ်က အမှတ်တွေတောက်လျှောက်ယူနိုင်ခဲ့ပေမယ့် ဒုတိယပွဲလတ် ပြီးဆုံးချိန်မှာလည်း ဆွီယာတက်ခ်က ၆း၃ ဆိုတဲ့ရလဒ်နဲ့ ထပ်မံအနိုင်ရခဲ့တာပါ။ ဒါ့ကြောင့် ပွဲအပြီးမှာတော့ ဆွီယာတက်ခ်က ကျန်ကျင်းဝမ်ကို (၆း၃၊၆း၃)ဆိုတဲ့ နှစ်ပွဲပြတ်ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဆွီယာတက်ခ်ဟာ ရုရှားဆယ်ကျော်သက်တင်းနစ်မယ် အန်ဒရီဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။