မြန်မာနိုင်ငံ အစိုးရနဲ့တပ်မတော်က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ်၅ရပ်နဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုအပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ပတ်သက်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတို့ မတ်လ၁၁ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းတွေ၊ အွန်းလိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။တွေ့ဆုံပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ တာဝန်ရှိသူတွေ၊ မစ္စတာတိန့်ရှီကျွင်းနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။