ကာဒစ်ဖ်မြို့မှာ ကစားမယ့် ဝေးလ်အသင်းနဲ့ ၆ နိုင်ငံဖလား နောက်ဆုံးပွဲက အင်္ဂလန်ရပ်ဂ်ဘီအသင်းအတွက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတစ်ပွဲလို အရေးကြီးတယ်လို့ အင်္ဂလန်ရပ်ဂ်ဘီအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် ဂျေမီဂျော့ချ်က ပြောကြား လိုက်ပါတယ်။

၂၀၂၀ နောက်ပိုင်း ပထမဆုံးချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ အင်္ဂလန်ရပ်ဂ်ဘီအသင်းဟာ လာမယ့် စနေညမှာ ဝေးလ်အသင်းနဲ့ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်ရပ်ဂ်ဘီအသင်းဟာ နောက်ဆုံးပွဲစဉ်မကစားမီ ၆ နိုင်ငံ ဖလားရပ်တည်မှုမှာ အဆင့် ၁ နေရာက ပြင်သစ်အသင်းနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝေးလ်နဲ့ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အင်္ဂလန်အသင်း ၆ နိုင်ငံဖလား ချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေတာဖြစ်ပါတယ်။

အင်္ဂလန်ရပ်ဂ်ဘီအသင်းဟာ ၆ နိုင်ငံဖလား အဖွင့်ပွဲစဉ်မှာ အိုင်ယာလန်အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ၃ ပွဲဆက်အနိုင်ရထားခဲ့တာဖြစ်ပြီး ဝေးလ်အသင်းအနေနဲ့ အင်္ဂလန်အသင်းနဲ့ နိုင်ပွဲဆက်မှု ကို ရပ်တန့်နိုင်ဖို့ ကြိုးစားပြင်ဆင်လာမှာဖြစ်လို့ အင်္ဂလန်ရပ်ဂ်ဘီအသင်းအတွက် ပိုမိုခက်ခဲနိုင်တယ်လို့ ဂျော့ချ်က ပြောသွားခဲ့ပါတယ်။ ကာဒစ်ဖ်ကွင်းထဲမှာ အင်္ဂလန်ရပ်ဂ်ဘီအသင်းအနေနဲ့ ဝေးလ်အသင်းကို အများကြီးအသာမရနိုင်သလို အသင်းသားတွေအားလုံး အကောင်းဆုံးပုံစံရမှသာ နိုင်ပွဲရဖို့ကို မျှော်လင့်နိုင်မှာဖြစ်တယ်လို့လည်း ဂျော့ချ်က သုံးသပ်သွားခဲ့ပါတယ်။