ဂါဇာကို လျှပ်စစ်ဓာတ်အားပေးပို့မှု အစ္စရေးလျှပ်စစ်ကော်ပိုရေးရှင်းက ဖြတ်တောက်လိုက်ကြောင်း အစ္စရေးဘက် က ပြောကြားလာတာကို CNN သတင်းမှာ ရေးသားထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ လျှပ်စစ်ဓာတ်အား ပေးနေတာကို ချက်ချင်းရပ်ဖို့အမိန့်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ အစ္စရေး စွမ်းအင်ဝန်ကြီးက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါဇာကိုရောင်းချတဲ့ လျှပ်စစ်ကို ဖြတ်တောက်ဖို့အတွက် အစ္စရေးစွမ်းအင်ဝန်ကြီးက အစ္စရေးလျှပ်စစ် ကော်ပိုရေးရှင်းကို စာပေးပို့ခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်မီးဖြတ်တောက်မှုရဲ့ သက်ရောက်မှုက ဘယ်လောက်အထိ ရှိမယ်ဆိုတာ မကွဲပြားသေးပေမယ့် ဂါဇာက သောက်ရေထုတ်လုပ်တဲ့ စက်ရုံတွေကတော့ ဒီ လျှပ်စစ်မီးနဲ့ ထုတ်လုပ်နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကလည်း ပါလက်စတိုင်း ၂ သန်းကျော်ရှိတဲ့ ဂါဇာဒေသအတွက် ပစ္စည်းပို့ပေးတဲ့ လမ်းကြောင်း တွေကို အစ္စရေးဘက်က ဖြတ်တောက်ခဲ့ပါသေးတယ်။ နောက်တစ်ခါ ဖြတ်တောက်မှာကတော့ ရေနဲ့ လျှပ်စစ် ဖြစ်တယ်လို့ အစ္စရေးဘက်က ပြောထားပါတယ်။

ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ်ကလည်း ဓားစာခံတွေအားလုံး ပြန်လွှတ်ပေးရေးအတွက် အဓိကထား ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် ကစတင်ခဲ့တဲ့ ဟားမာ့စ်တို့ရဲ့တိုက်ခိုက်မှုအပြီးမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးကာ ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာဖြစ်ပါတယ်။ အမေရိကန်က အကြမ်းဖက် အဖွဲ့ အစည်းအဖြစ်သတ်မှတ်ထားတဲ့ ဟားမာ့စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို ပစ်မှတ်ထားပြီး လျှပ်စစ် ဓာတ်အားနဲ့ နေရောင်ခြည်စွမ်းအင်ကို အဓိကအားထားပြီး အစ္စရေးဘက်က တိုက်ခိုက်နေတာဖြစ်ပါတယ်။