ဗြိတိန်က ထိပ်တန်းနိုင်ငံရေးသမားတစ်ယောက်ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်ကို ဘန်ဂီကြိုးခုန်တဲ့ စတန့်နဲ့ ဖမ်းစားခဲ့တယ်လို့ သိရပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အက်ဒ် ဒါဗေက ဇူလိုင် ၁ ရက်က အင်္ဂလန်တောင်ပိုင်းရှိ ဘောလုံးကွင်းတစ်ကွင်းမှာ ဘန်ဂီကြိုးခုန်ပြီး စွန့်စားပြခဲ့တာပါ။
ခြေကျင်းဝတ်မှာ ကြိုးချည်ပြီး အမြင့်က ခုန်ချရင်း ဇောက်ထိုးအနေအထားနဲ့ လစ်ဘရယ်ဒီမိုကရက်ကို မဲပေးတာနဲ့ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို စွန့်စားကြည့်လိုက်ဖို့ ဒါဗေက အော်ဟစ်နေခဲ့ပါတယ်။

မဲဆွယ်စည်းရုံးရေး နောက်ဆုံး သီတင်းပတ်မှာ အခုလို စတန့်ထွင် ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၄ နှစ်ကြာ လှိုင်းလေထန်တဲ့ကာလ ကို ဖြတ်သန်းခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ ရှုံးနိမ့်နိုင်ခြေများတဲ့ ဗြိတိန် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၄ ရက်မှာ ကျင်းပတော့မှာပါ။

ပြီးခဲ့တဲ့ကာလအတွင်း ၂၀၁၆ ခုနှစ်က ဗြိတိန်ဟာ ဥရောပသမဂ္ဂက ထွက်ခွာဖို့ မဲဆန္ဒ ရှင်အများစု ရွေးချယ်ခဲ့ကြတာအပြင် ကိုဗစ်ကပ်ဘေးနဲ့ ရုရှား-ယူကရိန်းစစ်ပွဲဂယက်တွေကြောင့် လူနေမှုစရိတ် မြင့်တက်ခဲ့ပါတယ်။
လစ်ဘရယ်ဒီမိုကရက်ပါတီဟာ ဇူလိုင် ၄ ရက်မှာ ဗြိတိန်ရဲ့ တတိယအကြီးဆုံး နိုင်ငံရေးပါတီ အနေအထားကို ပြန်လည်ရယူဖို့ မျှော်လင့်နေပါတယ်။ ကြာသပတေးနေ့က စစ်တမ်းတစ်ရပ်အရ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လစ်ဘရယ်ဒီမိုကရက်ပါတီဟာ SNP စကော့တလန်အမျိုးသားပါတီကို ကျော်တက်သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။