မြန်မာနိုင်ငံမှာ ဓာတ်မြေဩဇာထုတ်လုပ်တဲ့လုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဘီလာရုစ်စီးပွားရေးလုပ်ငန်းရှင်တွေကို အလေးထားဖိတ်ခေါ်ပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။မတ်လ၆ရက်က ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ President Hotelမှာကျင်းပတဲ့ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ အဖွင့်မိန့်ခွန်းပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဦးစားပေးရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍဖြစ်တဲ့ ဓာတ်မြေဩဇာထုတ်လုပ်တဲ့ကဏ္ဍမှာ ဘီလာရုစ်နိုင်ငံက မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ အလေးထား ဖိတ်ခေါ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ရေမြေသဘာဝကောင်းမွန်တာကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်လုပ်ငန်းတွေအဖြစ် မြှင့်တင်နေတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်နိုင်ဖို့ ဘီလာရုစ်နိုင်ငံနဲ့ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး စက်မှုလယ်ယာစနစ်နဲ့ Smart Agricultureအဖြစ် မြှင့်တင်လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။အခုကျင်းပတဲ့ မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်မှာ စီးပွားရေးလုပ်ငန်းတွေဆိုင်ရာ နားလည်မှုစာချွန်လွှာ(၈)ခုနဲ့ ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(၆)ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။