အလုပ်သမားဝန်ကြီးဌာနက မတ်လ(၅)ရက်နေ့တွင် ရုရှားနိုင်ငံကို Pilot project အနေနဲ့ မြန်မာလုပ်သား (၂၄)ယောက်ကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။အလုပ်သမားဝန်ကြီးဌာနဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး မြန်မာလုပ်သားတွေ အလုပ်အကိုင် အခွင့် အလမ်းတွေ ရရှိစေနိုင်ဖို့နဲ့ လုပ်ခလစာပိုမိုကောင်းမွန်တဲ့နိုင်ငံတွေကို အလုပ်သမားတွေ စေလွှတ်ပြီး လုပ်သား ဈေးကွက် တိုးချဲ့ရှာဖွေနိုင်ရေးအတွက် ရုရှားနိုင်ငံကို အခုလို Pilot Project နဲ့ စေလွှတ်နိုင်ဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။

အလုပ်သမားတွေကို စေလွှတ်ဖို့အတွက် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က အလုပ်ရှင်၊ အလုပ်သမား ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုတာ၊ မတ်လ(၃)ရက်က ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချ တာတွေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးတာတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုစေလွှတ်လိုက်တဲ့ လုပ်သား ၂၄ ယောက်ဟာ ကျွမ်းကျင်မြန်မာ လုပ်သား ၅၄ ယောက်ထဲက ကနဦးအစီအစဉ်နဲ့ စေလွှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။