အပြုသဘောဆောင်တဲ့ သတင်းတွေ ဖော်ပြနိုင်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပြည်တွင်း အခြေစိုက် ပြည်ပမီဒီယာအချို့ တွေ့ဆုံခဲ့ကြတယ်လို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကနေ သိရပါတယ်။

မတ်လ(၃)ရက်က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံပွဲကို မြန်မာနိုင်ငံသတင်းမီးဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနဲ့ ကောင်စီဝင်တွေ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းမီဒီယာတွေဖြစ်တဲ့ တရုတ်နိုင်ငံက ဆင်ဟွာသတင်းဌာန၊ People Daily သတင်းစာ၊ ကူမင်း Daily သတင်းစာ၊ CCTV ရုပ်မြင်သံကြားဌာနနဲ့ ဂျပန်နိုင်ငံ ဆန်ကေးရှင်ဘွန်းအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာတော့ သတင်းတု၊သတင်းမှားတွေ တိုက်ဖျက်ရေး၊ အပြုသဘောဆောင်တဲ့ သတင်းမှန်တွေ ကို ဖော်ပြနိုင်ရေးနဲ့ သတင်းရယူမှု ပိုမိုအဆင်ပြေ ချောမွေ့စေရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေနဲ့ သတင်းနဲ့သက်ဆိုင်တဲ့ သင်တန်းတွေကို လအလိုက် ပြုလုပ်သွား မှာဖြစ်ပြီ သတင်းမီးဒီယာတွေဘက်ကလည်း သင်တန်းသားတွေ စေလွှတ်နိုင်ရေးအတွက် ဖိတ်ကြားထားတယ်လို့ သိရပါတယ်။