ပဲခူးမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၁၆ ရက် မနက်ပိုင်းက ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁ နာရီအချိန်လောက်က သတင်းအရရှာဖွေရာမှာ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန် – မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉)မှာ သတင်းရရှိထားတဲ့ မော်တော်ယာဉ်တစ်စီးနဲ့အတူ အမျိုးသားတစ် ယောက်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။ သူ့ရဲ့ဖော်ထုတ်ချက်အရ အဲဒီနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်လောက်က ရန်ကုန် – မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉/၄)အနီးမှာ ယာဉ်ရပ်နားဝင်းအတွင်း ရပ်ထားတဲ့ မော်တော်ယာဉ် တစ်စီးပေါ်က အိုက်စ်(မက်သ်အဖက်တမင်း) ၄၄၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ဟိုင်း ကနေ ရန်ကုန်မြို့ကို အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုကို တာဝန်ခံသယ်ဆောင်ခဲ့သူ အမျိုးသား ၄ ယောက်ကိုလည်း မင်္ဂလာဒုံမြို့နယ်မှာ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းမှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ အမျိုးသားတစ်ယောက်၊ ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ အမျိုးသား တစ်ယောက်နဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ အမျိုးသား ၄ ယောက်ကို ရပ်စောက်၊ အောင်ပန်း၊ ရေတာရှည်နဲ့ ပုသိမ်မြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်၊၊ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာကရရှိတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊