“မနက်ခင်းလင်းလို့……… မှန်ရှေ့မှာ…..အလှတွေပြင်
ရှင်မတောင်…..သနပ်ခါး……သွေးလို့…..ပါးပေါ်တင်
လုပ်ငန်းခွင်ဝင်……ရိုးရာမပျက်ပါဘူး….
တို့မြန်မာ….အမျိုးသမီးလေးတွေယဉ်’’ဆိုသည့် မနောသီချင်းလေးလိုပါပဲ။
မြန်မာ့ရိုးရာသနပ်ခါးလိမ်းချယ်ခြင်းသည်မိန်းကလေးများအတွက်ဆင်ယင်ထုံးဖွဲ့မှုနှင့်အလှအပခြယ်သမှုများတွင်ပါဝင်နေသည့်ချစ်စရာဓလေ့လည်းတစ်ခုဖြစ်သည်။အမျိုးသမီးတိုင်း၊ကလေးတိုင်း၏မျက်နှာပြင်တွင်နံနက်မိုးလင်းသည်နှင့်မျက်နှာပြင်တွင်သနပ်ခါးများလိမ်းခြယ်ထားကြသည်ကိုအများအားဖြင့်တွေ့မြင့်ကြရမည်ဖြစ်သည်။ကျွန်မတို့ငယ်ငယ်တုန်းကဆိုပါကအဘွားသည်နံနက်တိုင်းကိုသနပ်ခါးလိမ်းခိုင်းလေ့ရှိသည်။မျက်နှာသစ်ပြီးတိုင်းသနပ်ခါးမလိမ်းလျှင်အိမ်ကျက်သရေမရှိဘူး၊လာဘ်လာဘတွေမဝင်ဘူးဆိုပြီးပြောခံရသည်အထိသနပ်ခါးကိုအရေးတယူထားပြီးလိမ်းခြယ်ခိုင်းကြသည်ကလည်းစွဲမက်စရာဓလေ့တစ်ခုဖြစ်သည်။ဒီလိုဓလေ့ကိုရပ်ရွာတိုင်းမြို့နယ်တိုင်းလိုလိုလူကြီးလူငယ်အရွယ်မရွေးရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိလက်ဆင့်ကမ်းသယ်ယူလာခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် မိခင်ကသားသမီးကို ရေချိုးပြီးလျှင် ကျောက်ပျဉ်ပေါ်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်လေးဖြင့်သပ်ယူ၍ ဘုရားကိုအာရုံပြုကာကလေးငယ်များ၏နဖူးပေါ်နှင့်ပါးပြင်နှစ်ဖက်လုံးပေါ်သို့လိမ်းခြယ်ပေးလေ့ရှိကြသည်။လိမ်းခြယ်ပြီးသည့်အခါကျောက်ပျဉ်ထက်ဈ၌ကျန်နေသည့်သနပ်ခါးကိုပါးစပ်ထဲသို့ခွံ့ပေးလေ့ရှိကြသည်။ထိုကဲ့သို့လုပ်ခြင်းဖြင့်ကလေးငယ်များ၏ကျန်းမာရေးကိုကောင်းမွန်စေကြောင်းယုံကြည်ကြသည်။သနပ်ခါးသည် “သနခါး” ဟူသော စကားရပ်မှဆင်းသက်လာပြီး “သန” ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရသည်။ “ခါး” ဆိုသည်မှာ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် သနပ်ခါးသည် မကောင်းသောအညစ်အကြေးများကို စွန့်ထုတ်ပေးသည့်အရာဟု သိရှိရပါသည်။
သနပ်ခါးသည် ပူအိုက်သောမြန်မာရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည်။ သနပ်ခါးကို လိမ်းလိုက်ရလျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့ အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်ကြောင်း ပညာရှင်များကဆိုကြသည်။

မြန်မာတို့သနပ်ခါးလိမ်းသည့်ရိုးရာယဉ်ကျေးမှုဓလေ့သည်ပျူခေတ်ကတည်းကစတင်ခဲ့သည့်ဟုလည်းယူဆကြသည်။ မြန်မာ့ရိုးရာသနပ်ခါးလိမ်းသည့် ယဉ်ကျေးမှုအထောက်အထားအဖြစ် အေဒီ ၁၁ ရာစု ပုဂံနဂါးရုံ ဘုရားနှင့်အပယ်ရတနာဘုရားရှိ နံရံဆေးရေးပန်းချီ ကားများတွင် သနပ်ခါးနှင့် ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့် အလှဆင်နေသည့် မိန်းမပျိုပုံများကို တွေ့ရသည်။ ထို့ကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်းမပျိုတို့သည် သနပ်ခါးဖြင့် အလှဆင်လိမ်းခြယ်ကြကြောင်း ယင်းအထောက်အထားများအရ သိနိုင်သည်။မြန်မာနိုင်ငံ၏သနပ်ခါးပင်အများဆုံးပေါက်သည့်အညာဒေသများတွင်တပို့တွဲလ၌မီးဖုန်းပွဲတော်ဆိုပြီး ကရမက်၊ နံ့သာဖြူ၊ နံ့သာနီ စသည့် အမွှေးနံ့သာသားများနှင့်ရောပြီး မီးရှို့ပူဇော်ကြသည့်ဓလေ့တစ်ခုရှိကြသည်။ ရှေးနှစ်ပေါင်းများစွာ အစဉ်အဆက်သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြုအမှတ်ရစေရန် တပို့တွဲလပြည့်နေ့ကို“မြန်မာ့သနပ်ခါးနေ့”ဟုမြန်မာနိုင်ငံသနပ်ခါးအသင်းက သတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားရှိကျေးလက်တောရွာနေကောက်စိုက်သမလေးများ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်သောပန်းရန်သမလေးများသည်လည်း မိမိတို့လုပ်ငန်းခွင်၏ သဘောသဘာဝနှင့် ကိုက်ညီမှုရှိအောင် ပူပြင်းလှသည့် နေလောင်ဒဏ်ကိုခံနိုင်စေရန်သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်းခြယ်ကြသည်။ဒါ့အပြင်သက်ကြီးရွယ်အိုအဘွားများကလည်းခြေဆုံးခေါင်းဆုံးသနပ်ခါးကိုလိမ်းခြယ်လေ့ရှိကြသည်။သနပ်ခါး၏အနံ့လေးတသင်းသင်းသည်စိတ်ကိုပျော်ရွှင်လန်းဆန်းစေသောဂုဏ်သတ္တိများရှိသောကြောင့်မြန်မာအမျိုးသမီးများ၏လက်သုံးတော်ဖြစ်နေခြင်းပင်ဖြစ်သည်။သနပ်ခါးများလိမ်းချယ်ရာတွင်သနပ်ခါးတုံးများကိုတမြတ်တနိုးသွေးလိမ်းကြတာရှိကြသလိုတချို့ကလည်းအဆင့်သင့်လုပ်ထားသည့်သနပ်ခါးခဲလေးများကိုသွေးလိမ်းကြလေ့ရှိကြသည်။ယခုအခါမြန်မာ့သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ကိုလူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်စာရင်းတင်သွင်းတော့မည်ဖြစ်သည်။ယခုကဲ့သို့တာဝန်ရှိသူများကလည်းကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရန်လုပ်ဆောင်နေကြသလိုတစ်ဖက်တွင်ဈေးကွက်တွင်ရှိနေသည့်အသင့်သုံးသနပ်ခါးအခဲများ၊အဆီများကိုလည်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပေသည်။

သနပ်ခါးသည် အသားအရေအမျိုးအစားမရွေး သုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် သနပ်ခါးကို အခြေခံ၍ ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊မိတ်ကပ်အစရှိသည်များကိုကျား/မမရွေးသုံးစွဲနိုင်အောင် ဖန်တီးထုတ်လုပ်နေပြီဖြစ်သည်။ယခုကဲ့သို့ဖန်တီးထုတ်လုပ်ထားသည့်သနပ်ခါးနှင့်သက်ဆိုင်သည့်အလှကုန်ပစ္စည်းများသည်သနပ်ခါးတုံးအစစ်အမှန်များနှင့် လုပ်ထားခြင်းဖြစ်ရန်လိုသည်။အကယ်၍မြန်မာ့သနပ်ခါးလိမ်းခြယ်သည့်ဓလေ့ရိုးရာသည်ယူနက်စကိုဝင်သွားပါကကမ္ဘာတစ်ဝန်းတွင်ကျော်ကြားလာနိုင်တော့မည်ဖြစ်သည်။ဒါအပြင်မြန်မာနိုင်ငံသူနိုင်ငံသားများသာမကတခြားကမ္ဘာ့လှည့်ခရီးသည်များကပါစိတ်ဝင်တစားဖြင့်လိမ်းခြယ်လာကြတော့မည်ဖြစ်သည်။အသင့်သုံးသနပ်ခါးကိုသုံးစွဲပါကတခြားဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက်ပါဝင်ပစ္စည်းများ၏ဘေးထွက်ဆိုးကျိုးကိုစစ်ဆေးသင့်ပါသည်။လိမ်းခြယ်သည့်သူများအနေဖြင့်တခြားဘေးဥပါတ်ဖြစ်လာမည်ဆိုပါကနိုင်ငံ၏ပုံရိပ်ကျဆင်းသွားနိုင်သည်။သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်းအသင့်သုံးသနပ်ခါးများအတွင်းပါဝင်ပစ္စည်းများမှာသနပ်ခါးစစ်စစ်များဖြစ်ကြောင်းစစ်ဆေးကာထုတ်ပြန်ပေးမှုများလုပ်ပေးသင့်သည်။ သနပ်ခါးစစ်စစ်များရရှိရေးအတွက် သနပ်ခါးအပင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊တိုးချဲ့စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အသိပညာဖြန့်ဝေမှုများပြုလုပ်ပေးရမည်ဖြစ်သည်။လုပ်ငန်းရှင်များအနေဖြင့်လည်းမြန်မာ့ရိုးရာသနပ်ခါးကိုယူနက်စကိုတင်သွင်းရန်လုပ်ဆောင်နေသည့်ကာလအတွင်းမိမိတို့ထုတ်လုပ်ထားသည့်ကုန်ပစ္စည်းများကြောင့်မြန်မာနိုင်ငံ၏ပုံရိပ်မကျဆင်းစေရန်အတွက်သတိထားပြီးလုပ်ဆောင်သင့်ပေသည်။
အနာဂတ်တွင် သနပ်ခါးစစ်စစ်များမှ ထုတ်လုပ်သော အသင့်သုံးသနပ်ခါးများသည် ကမ္ဘာတစ်ဝှမ်းတွင် လူသုံးစွဲမှုကျယ်ပြန့်လာနိုင်ပါသည်။ သနပ်ခါးစစ်စစ်များမှ ထုတ်ထားသည့် အသင့်သုံးသနပ်ခါးများသည် သနပ်ခါး၏ ရိုးရာဓလေ့နှင့် ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်မည်ဖြစ်သည်။အသင့်သုံးသနပ်ခါးများတွင် သနပ်ခါးစစ်စစ်များကိုအသုံးပြုခြင်း၊ခေတ်မီနည်းစနစ်များကိုအသုံးပြုခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကိုစနစ်တကျကြပ်မတ်ထိန်းချုပ်ဆောင်ရွက်နိုင်ပါကရေရှည်တွင် ကမ္ဘာ့ဈေးကွက်ဝင်စံမီတန်းမီမြန်မာ့ထုတ်ကုန်အဖြစ်ဂုဏ်ယူဝင့်ကြွားနိုင်ကြမည်ဖြစ်သည်။