တာချီလိတ်မြို့နယ်၊ဝမ်လုံးကျေးရွာအုပ်စု၊လွယ်စတုံအောက်ရွာ-ယန်းခေါင်ရွာသွား လမ်းမကြီးပေါ်က ကျေးသီး အမည်ရှိကုန်စုံဆိုင်ကို လူ(၃)ယောက် ဝင်ရောက်လာပြီး သေနတ်နဲ့ထောက် လုယူမှု ဖြစ်ပွားခဲ့တယ်လို့ အဲဒီ ကျေးရွာ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မတ်လ(၃)ရက် ည(၈)နာရီအချိန်လောက်က ကုန်စုံဆိုင်ထဲကို လူ(၃)ယောက်ရောက်ရှိလာပြီး သေနတ်နဲ့ထောက်ကာ ဆိုင်ရှင်လင်မယားကို ရိုက်နှက်ကြိုးတုပ်ထားပြီးနောက် ဆိုင်ထဲက ထိုင်းဘတ်ငွေ(၇)ထောင်နဲ့ ကားတစ်စီးကို လုယူမောင်းနှင်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီလုယူသွားသူ တွေဟာ မျက်နှာဖုံးတပ် မထားတာကြောင့် မျက်နှာမြင်ရင် မှတ်မိတယ်လို့ ဆိုင်ရှင်နဲ့ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ အဲဒီကုန်စုံဆိုင်မှာ ဆိုင်ရှင်လင်မယားနှစ်ယောက်တည်းသာ နေထိုင်ကြတယ်လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီး တရားခံတွေ အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။