အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ အမေရိကန်ရဲ့အစီအစဉ်ကို ဟားမာ့စ်တို့က ငြင်းဆိုပြီးနောက် ဂါဇာကမ်း မြောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်မှုအားလုံးကို အစ္စရေးဘက်က ပိတ်ဆို့လိုက် ပါတယ်။ အာရပ်နိုင်ငံအချို့နဲ့ ကုလသမဂ္ဂတို့ကတော့ အစ္စရေးရဲ့ လုပ်ရပ်အပေါ် ရှုတ်ချထားပြီး ဒါဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့လည်း ပြောဆိုလိုက်ကြပါတယ်။

အီဂျစ်၊ အမေရိကန်နဲ့ ကာတာ တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ မတ်လ ၁ ရက်မှာ သက်တမ်းကုန်ဆုံး ခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ်ရဲ့ အထူးသံတမန် စတိဝှစ်အော့ဖ် အဆိုပြုထားတဲ့ ယာယီ သက်တမ်း တိုးမှုကို ဟားမာ့စ်တို့က လက်ခံဖို့ ငြင်းဆိုထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဂါဇာကမ်းမြောင် ဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်မှုကို ပိတ်ဆို့လိုက်တာဟာ လူသားမဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာသာဖြစ်တာကြောင့် ညှိနှိုင်းပေးတဲ့ နိုင်ငံတွေက ကြားဝင် ပေးဖို့ ဟားမာစ်တွေက တောင်းဆိုထားပါတယ်။

စေ့စပ်ညှိနှိုင်းပေးတဲ့ နိုင်ငံတွေက အာမခံချက်မရှိဘဲ အပစ် အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို လက်မခံဘူးလို့လည်း ဟားမာ့စ်တွေက ပြောပါတယ်။အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ မူလအဆိုပြုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအစီအစဉ်မှာ အဆင့်သုံးဆင့် ပါဝင်ပြီး လက်ရှိလျာထားတဲ့ ပထမအဆင့်ကို ဇန်နဝါရီ ၁၉ ရက်မှာ စတင်ခဲ့ကာ မတ် ၁ ရက်မှာ သက်တမ်းကုန်ဆုံး ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမာ့စ်နဲ့ အစ္စရေးတို့အကြား ၁၅ ကြာတိုက်ပွဲတွေ အဆုံးသတ်ခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသား ၁၉၀၀ နဲ့ အစ္စရေးဓားစာခံ ၃၃ ယောက်တို့ကို အပြန်အလှန် လဲလှယ် ခဲ့ကြပါတယ်။