နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်ကို မတ်လ ၃ ရက်၊ ဒေသစံတော်ချိန် ညနေပိုင်းမှာ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲရဲ့ အလေးပြုမှုကို ခံယူခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Maksim Reshetnikov ၊ ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Andry Rudenko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr.Iskander Azizov ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နဲ့ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့က ကြိုဆိုခဲ့ပါတယ်။ဂုဏ်ပြုတပ်ဖွဲရဲ့ အလေးပြုမှုကို ခံယူပြီးနောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒေသစံတော်ချိန် ညနေပိုင်းမှာပဲ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။

အဲဒီ့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာထေရဝါဒဗုဒ္ဓစင်တာကို ရောက်ရှိလာရာ သဒ္ဓမ္မဇောတိကာသိမ်တော်မှာ နေရာ ယူတာ နဲ့ ဆရာတော်တွေ ကြွချီနေရာယူကြပါတယ်။ဆက်လက်ပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာ သံဃာတော် အရှင်သူမြတ်တွေထံကနေ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။အဲဒီနောက် သံဃာတော် အရှင်သူမြတ်တွေထံကနေ တရားတော် နာယူကြည်ညိုတာ ဧည့်သည်တော် တွေက လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းတာ သံဃာတော် အရှင်သူမြတ်တွေက အနုမောဒနာတရား မိန့်ကြားတာ နဲ့ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မော်စကိုမြို့ရှိ တည်းခိုရာ ဟိုတယ်ကို ထွက်ခွာခဲ့ပါတယ်။ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာတော့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက အဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင် ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ ဒုတိယဝန်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စစ်ဘက် နယ်ဘက်က တာဝန်ရှိသူတွေ ခရီးစဉ်မှာ လိုက်ပါသွား ကြပါတယ်။ ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နဲ့ တွေ့ဆုံ ဆွေးနွေးတာ ရုရှားနိုင်ငံ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံဆွေးနွေးတာ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဆွေးနွေးတာ အပါအဝင် ရုရှားအစိုးရ အဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဘယ်လာရုစ်သမ္မတ နိုင်ငံကို ထွက်ခွာပြီး ဘယ်လာရုစ်သမ္မတ နဲ့တွေ့ဆုံဆွေးနွေးတာ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်သွားမယ်လိုလည်း သိရပါတယ်။ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချုပ် MoU တွေ လက်မှတ်ရေးထိုးဖို ရှိတယ်လိုလည်း သိရပါတယ်။ ဒါ့အပြင် အခု၂၀၂၅ ခုနှစ်ကတော့ ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးဟာ ၇၇ နှစ် ပြည့်မြောက်ပြီ ဖြစ်ပြီး နှစ်နိုင်ငံ ဆက်သွယ်ဆက်ဆံမှု၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီး ဆက်လက်ပြီးလည်း ဆက်သွယ်ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုလည်း သိရပါတယ်။