တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရွှိုင်ဂု(Sergei Shoigu) ကို ဘေဂျင်းမြို့တော်၊ ပြည်သူ့ခန်းမဆောင်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း Global Times မှာ ဖော်ပြပါတယ်။

အဲဒီလို လက်ခံတွေ့ဆုံရာမှာ သမ္မတရှီကျင့်ဖျင်က “တရုတ်-ရုရှားဟာ တောတောင်ရေမြေချင်း ဆက်စပ်နေတဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြသလို ခိုင်မာတဲ့ မိတ်ဆွေ စစ်၊ မိတ်ဆွေမှန်တွေ ဖြစ်ကြကြောင်း” ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်တဲ့ အစီအစဥ်တွေ ချမှတ်ပြီး အဓိက နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။တရုတ်-ရုရှား ဆက်ဆံရေးအတွက် အရေးကြီးတဲ့ အစီအစဉ်တွေကိုလည်း ဆက်တိုက် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သမ္မတရှီက ပြောကြားထားပါတယ်။

နှစ်နိုင်ငံ ဘုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေဖို့ အတွက် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်ဆက် မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်ဖို့လည်း နှစ်ဖက်စလုံးက တောင်းဆိုထားပါတယ်။ အခုနှစ်ဟာ ဂျပန်တို့ရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ တရုတ်ပြည်သူ့စစ် အောင်ပွဲနှစ် ၈၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး ဆိုဗီယက်ယူနီယံ မျိုးချစ်စစ်ပွဲ၊ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲနဲ့ ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့် နှစ်ပတ်လည် ဖြစ်တယ်လို့လည်း သမ္မတရှီက မှတ်ချက်ပြုထားပါတယ်။