ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ လူမှောင်ခိုကူးသူတွေကို တားဆီးနှိမ်နင်းဖို့အတွက် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကပြောပါတယ်။ဖေဖော်ဝါရီ၂၈ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူတွေကို ပြည်ပကို တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူတွေက အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။အဲ့ဒါကြောင့် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ပြောပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေ(မူကြမ်း)နဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေး၊ ၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။