‘Match of the Century’ လို့ခေါ်တဲ့ စိန်ခေါ်ပွဲမှာ ရှုံးနိမ့်ခဲ့သူ ဆိုဗီယက် စစ်တုရင် ဂရန်းမာစတာ ဘောရစ် စပါစကီ (Boris Spassky)ဟာ အသက် ၈၈ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ရုရှား စစ်တုရင်အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာခဲ့တာကို AP သတင်းမှာ ဖော်ပြထားပါတယ်။ ဆယ်ယောက်မြောက် ကမ္ဘာ့ချန်ပီယံ ဘောရစ် စပါစကီဟာ အသက် ၈၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါလို့ ရုရှား စစ်တုရင်အဖွဲ့ချုပ်က သူတို့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့တာပါ။ သူဘယ်အချိန်မှာ ကွယ်လွန်သွားတယ်၊ ဘာအကြောင်းကြောင့် ကွယ်လွန်သွားတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။

စပါစကီကို ၁၉၇၂ မှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသား ဘော်ဘီ ဖစ်ရှာနဲ့ သူ့ရဲ့ ကမ္ဘာကျော် ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲကြီးကို အကောင်းဆုံး မှတ်မိကြမှာပါ။ အဲဒီပြိုင်ပွဲဟာ အရှေ့နဲ့အနောက်ကြား စစ်အေးကာလ ထိပ်တိုက်တွေ့ဆုံမှုကို ပြသခဲ့ပါတယ်။အဲဒီ စစ်အေးတိုက်ပွဲရဲ့ အထင်ကရ ပြိုင်ပွဲကို စာအုပ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ ရုပ်ရှင်တွေ အများကြီး ရိုက်ကူးခဲ့ ကြပါတယ်။ အထူးသဖြင့် ၂၀၂၀ မှာ နာမည်ကြီး Netflix ဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲခဲ့တဲ့ ဝေါလ်တာ တဲဗစ်ရဲ့ “ The Queen’s Gambit” ဝတ္ထုကို အဲဒီပြိုင်ပွဲက အများဆုံး လှုံ့ဆော်ပေးခဲ့ပါတယ်။

စပါစကီဟာ ၁၉၆၉ မှာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး သူ့ရဲ့ စစ်တုရင်ကစားသမားဘဝ အဓိပ္ပာယ်ဖွင့်ဆိုမယ့် ပွဲကို မကစားခင်အထိ အဲဒီဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ သူဟာ ထူးခြားတဲ့ အမေရိကန် ပါရမီရှင်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဆိုဗီယက်ပြည်ထောင်စုဟာ နှစ်ပေါင်းများစွာ ဂိမ်းကို လွှမ်းမိုးထားခဲ့လို့ စပါစကီဟာ မဖြစ်မနေ အနိုင်ရရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး အစပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်က ပြန်အနိုင်ရခဲ့ပြီး ၁၉၄၈ ကစလို့ ဆိုဗီယက် ကမ္ဘာ့ချန်ပီယံတွေရဲ့ ဆက်တိုက်အနိုင်ရမှုတွေကို အဆုံးသတ်ပေးခဲ့ပါ တယ်။