ရုရှားဖက်ဒေရေးရှင်းနိုင်ငံ FUND RC-INVESTMENTS က မြန်မာနိုင်ငံကိုပေးအပ်ခဲ့တဲ့ နေကြာမျိုးတွေကို စမ်းသပ်စိုက်ပျိုးခဲ့ရာမှာ အောင်မြင်ဖြစ်ထွန်းခဲ့တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကနေ သိရပါတယ်။

ရှရှားနိုင်ငံက နေကြာမျိုး(၉)မျိုး ပေးခဲ့တာဖြစ်ပြီး အဲဒီနေကြာမျိုးတွေကို နေပြည်တော်ရှိ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနကွင်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလက စတင်စမ်းသပ်စိုက်ပျိုးခဲ့ကြတာပါ။အဲဒီနေကြာမျိုး(၉)မျိုးထဲက (၈)မျိုးကတော့ ဒေသအတွင်းမှာ ဖြစ်ထွန်းပြီး ကျန်တစ်မျိုးက ဖြစ်ထွန်းမှု အားနည်းတာတွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို အောင်မြင်ဖြစ်ထွန်းတဲ့အတွက် စိုက်ပျိုးတဲ့တောင်သူ တွေအနေနဲ့ နေကြားမျိုးတွေ ရွေးချယ်ခွင့်ရလာတော့မှာ ဖြစ်တယ်လို့ နေပြည်တော်စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်နန်းပပဝင်းက ပြောပါတယ်။

အဲဒီစမ်းသပ်မှုကို နေပြည်တော်အပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စိုက်ကွင်းတွေမှာလည်း စမ်းသပ်စိုက်ပျိုးထားပြီး ရိပ်သိမ်းပြီးစီးရင် ဒေသအလိုက် ကိုက်ညီတဲ့ နေကြာမျိုးတွေ ထွက်ရှိလာမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကနေ သိရပါတယ်။