ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နယူးယော့ခ်စီးတီးအသင်းနဲ့ပွဲမှာ ပြိုင်ဘက်နည်းပြနဲ့ ကစားသမားတွေကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့တဲ့ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီနဲ့ ဆွာရက်ဇ်တို့ကို မေဂျာလိဂ်က မဖော်ပြတဲ့ ဒဏ်ကြေး ပေးဆောင်ဖို့ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းနဲ့ နယူးယော့ခ် စီးတီးအသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ မက်ဆီက ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့သလို ကွင်းအတွင်း ဝင်ရောက်လာခဲ့တဲ့ နယူးယော့ခ်စီးတီး လက်ထောက်နည်းပြ ဘယ်လူချီရဲ့လည်ပင်းကို နောက်ကနေ ဆွဲထား ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ဘယ်လူချီတို့ကြား အဖြစ်အပျက်နဲ့ပတ်သက်လို့ အင်တာမိုင်ယာမီနည်းပြ မာရှေ ယာနိုက ကွင်းအတွင်းမှာ ကွင်းလယ်ဒိုင်ရဲ့အမှားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲ ပါတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ပွဲချိန်ပထမပိုင်းမပြီးခင် နယူးယော့ခ်စီးတီး အသင်းသား ရီဆာနဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့ရာမှာ ပြိုင်ဘက်ကစားသမားအပေါ် လက်ပါခဲ့တာဖြစ်ပါတယ်။ ဒဏ်ကြေးပေးဆောင် ဖို့သာ ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ် ဒုတိယပွဲဖြစ်တဲ့ ဟူစတန်ဒိုင်နမို အသင်းနဲ့ပွဲမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။