အသေးစား၊အငယ်စားနဲ့အလတ်စားလုပ်ငန်း(MSME)ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်၊ သစ်စက်နဲ့ ဆက်စပ် ပစ္စည်းတွေကို မတ်လ ၆ ရက်မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ဈေးပြိုင် လေလံတင် ရောင်းချရေးကော်မတီက ထုတ်ပြန်ပါတယ်။အဲဒီသစ်၊ သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနက လေလံတင်ရောင်းချမှာပါ။

ထန်းတပင်မြို့နယ်က အသေးစား၊အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးလေလံ အတွက် အခြားသစ်လုံး ၆ လုံး ၊ လုံးပတ် ၃ ပေအောက် အခြားသစ် ၃ လုံးကို ရောင်းချပေးမှာဖြစ်ပြီး ပုံမှန်လေလံ အတွက် မီးသွေး ပေါင် ၃၀ ဝင် ၁၀၁၂ အိတ်၊ ထင်း ၃၂၆ တန်ကျော် ၊ ပျဉ်းကတိုးထင်း ၁၅ တန်ကျော်၊ သစ်စက်နဲ့ ဆက်စပ်ပစ္စည်း အမျိုး ၂၀၀ ကျော် ရောင်းချပေးမယ်လို့ သိရပါတယ်။MSME ဖွံ့ဖြိုးတိုးတက်ရေးလေလံအတွက် သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်လိုင်စင်ရရှိထားတဲ့ ပရိဘောဂနဲ့ ပန်းပုလုပ်ငန်းရှင်တွေ၊ သစ်အခြေခံ အိမ်တွင်းစက်မှုလက်မှု၊ စက်သေးလုပ်ငန်းရှင်တွေ၊ သစ်အရောင်းဆိုင်တွေ အနေနဲ့ လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

ဒီအပြင် ပုံမှန်လေလံတင်ရောင်းချခြင်းအတွက် သစ်အခြေခံအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်တွေ၊ သစ်စက် အကြီး အချောထည်စက်၊ သစ်စက်အသေး အချောထည်စက်၊ လျာထိုးစက်၊ သစ်အရောင်းဆိုင်တွေ၊ ပန်းပုနဲ့ ပရိ ဘောဂလုပ်ငန်းရှင်တွေ လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။အဲဒီလုပ်ငန်းတွေအနေနဲ့ ဈေးပြိုင်လေလံဝယ်ယူခွင့် လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ လျှောက်လွှာတစ်စောင်ကို ကျပ် ၃၀၀၀ နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှာ ဝယ်ယူ လျှောက်ထားရမှာ ဖြစ်ပါတယ်။