နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတု ရိုက်နှိပ်ကာ သက်တမ်းတိုး လုပ်ဆောင်ထားတာတွေ တွေ့ရှိရတဲ့အတွက် ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်တွေရဲ့ တရားဝင်မှုဟာ ကိုင်ဆောင်အသုံးပြုသူတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ ဝင်သလို ကိုင်ဆောင်အသုံးပြုရာမှာ တရားဝင် သက်တမ်းရှိမှုနဲ့ ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်း စည်း ကမ်း သတ်မှတ်တွေနဲ့ ညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကိုးရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေကလည်း ပြည်ပနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေရဲ့ တရားဝင်မှု ရှိ/မရှိကို စစ်ဆေးကြပ်မတ်နေပြီး အချို့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင် အသုံးပြုနေတဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တံဆိပ်တုံး ရိုက်နှိပ်ပြီး သက်တမ်းတိုးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားဝင်မှုနဲ့ စစ်မှန်မှု ရှိ/မရှိတို့ကို မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ဆောင်နေတာ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မြန်မာသံရုံးက စိစစ်ခဲ့ရာမှာလည်း အချို့ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံး အတုအပနဲ့ ရိုက်နှိပ် ကာ သက် တမ်းတိုးထားသလို လုပ်ဆောင်ထားတာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

တရားမဝင် တံဆိပ်တုံး အတုအပ ရိုက်နှိပ်ကာ သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုသူတွေကို လေဆိပ်ကနေ ထွက်ခွာခွင့်ကို ငြင်းပယ်ကာ ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်တွေ မကြာသေးမီ ကာလက ဖြစ်ပေါ်ခဲ့ရာ မြန်မာသံရုံးအနေနဲ့ ငြင်းပယ်ထိန်းသိမ်းခံရသူတွေအတွက် လိုအပ်တဲ့ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဒါ့ကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင် နည်းလမ်းနဲ့သာ သက်တမ်းတိုးတာကို ဆောင်ရွက်ကြဖို့ အရေးကြီးပြီး မလိုလားအပ်တဲ့ အခက်အခဲတွေ မဖြစ်ပေါ်စေရေးနဲ့ ဥပဒေအရ အရေးယူခံရတာ မဖြစ်ပေါ်စေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။