အစ္စရေးနဲ့ သဘောတူထားတဲ့အတိုင်း ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အခြေအနေပေါ်မူတည်ပြီး အပစ်ရပ်ရေး သဘောတူညီချက် နောက်ထပ်အဆင့်တွေ ဆက်ဆွေးနွေးသွားမယ်လို့ ဟားမာ့စ်အဖွဲ့က ပြောကြား လိုက်တယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။ အသက်ရှင်လွတ်မြောက်လာတဲ့ ဓားစာခံခြောက် ယောက်နဲ့ သေဆုံးသွားတဲ့ ဓားစာခံအလောင်းလေးလောင်းကို ဟားမာ့စ်တို့က ပြန်လည်လွှဲပြောင်းပေးမှုအတွက် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို အစ္စရေးက ပြန်လွှတ်ပေးရမှာပါ။

ဒါပေမဲ့ ပြန်လွှတ်ပေးရေးကို အစ္စရေး က ရွှေ့ဆိုင်းလိုက်ပြီး ဟားမာ့စ်တို့ဟာ ဓားစာခံတွေလွှဲပြောင်းရာမှာ ဂုဏ်သိက္ခာမရှိအောင် လုပ်ဆောင်တာနဲ့ အခြားသဘောတူညီချက်တွေကို ချိုးဖောက်တာတွေရှိတယ်လို့ အစ္စရေးက စွပ်စွဲပြောဆိုထားပါတယ်။ဟားမာ့စ်တို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုလုံးကို ကြီးစွာ အန္တရာယ်ရှိစေပြီး အစ္စရေးကို ဖိအားပေးဖို့လည်း အမေရိကန်ကို တောင်းဆိုထားပါတယ်။ သဘောတူညီချက် ပထမအဆင့် ခြောက်ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ လာမယ့် စနေနေ့မှာသက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းမှုတွေကတော့ လက်ရှိ အချိန်ထိ မစနိုင်သေးတာကို တွေ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေး မရေရာဖြစ်နေတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း သတိပေးထားပြီး ကျန်ရှိနေတဲ့ ဓားစာခံအားလုံး ဘေးကင်းစွာ ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ အပစ်ရပ်သဘောတူညီချက် နောက်ထပ်အဆင့်တွေအတွက် အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ဦးဆောင်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။