ရုရှားဂြိုလ်တုတစ်လုံးဟာ ပတ်လမ်းအတွင်း အစအန ၁၀၀ ကျော်ထွက်အောင် ပြိုကွဲသွားတဲ့အတွက် နိုင်ငံတကာ အာကာသစခန်း ISS က အာကာသယာဉ်မှူးတွေ အမြန်ခိုလှုံခဲ့ရတယ်လို့ အမေရိကန် အာကာသအေဂျင်စီက ပြော ပါတယ်။ ရုရှားရဲ့ ကမ္ဘာမြေ စူးစမ်းလေ့လာရေး ဂြိုလ်တု RESURS-P1 ပြိုပျက်ရတဲ့ အသေးစိတ် အချက်အလက် တွေ မသိရှိရသေးပါဘူး။

အပျက်အစီးအစုအဝေးကို ခြေရာခံထားနိုင်ပြီး လတ်တလော အန္တရာယ်မရှိဘူးလို့ အမေရိကန် အာကာသကွပ်ကဲရေးက ဇွန် ၂၇ ရက်က ပြောပါတယ်။ ဇွန် ၂၆ ရက် မနက်ပိုင်းက အာကာသစခန်း အနီး ပတ်လမ်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန် အာကာသယာဉ်မှူးတွေဟာ သူတို့အာကာသယာဉ်ထဲမှာ တစ်နာရီလောက် ခိုအောင်းနေခဲ့ရတယ်လို့ နာဆာက ပြောပါတယ်။ အမေရိကန် အာကာသခြေရာခံကုမ္ပဏီ LeoLabs က ရေဒါတွေဟာ ညနေ ၆ နာရီအထိ ရုရှားဂြိုဟ်တုပျက်ကနေ အပိုင်းအစများစွာ ထွက်ရှိနေတာ တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာပတ်လမ်းအတွင်း ကြီးမားတဲ့ အပျက်အစီးတွေ ဖြစ်ပေါ်တဲ့ကိစ္စမျိုး ရှားပါးပေမယ့် ကမ္ဘာပေါ်က နေ့စဉ်လူနေမှုဘဝအတွက် အရေးပါတဲ့ ဂြိုလ်တုကွန်ရက်တွေ အာကာသထဲမှာ ပြည့်ကျပ်လာတာ၊ ဘရော့ဘန်းအင်တာနက်နဲ့ ဆက်သွယ်ရေးကနေ အခြေခံလမ်းကြောင်းပြ ဝန်ဆောင်မှုတွေအထိ များပြားလာ တဲ့အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။

ဂြိုလ်တုတွေတိုက်မိနိုင်တာနဲ့ အာကာသစစ်ပွဲ အလားအလာတွေနဲ့အတူ လက်ရှိမှာ အာကာသသွားလာမှုဆိုင်ရာ နိုင်ငံတကာယန္တရားတစ်ခု ထူထောင်ဖို့ အရေးတကြီးလိုအပ်လာပြီလို့ သိရပါတယ်။
(RESURS-P1 = ရက်စ်အာစ်- ပီဝမ်း)
(LeoLabs = လီအိုလက်ဘ်စ်)