ထိုင်းနိုင်ငံအတွင်း ဥပဒေ မလိုက်နာတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူဖို့ ထိုင်းရဲချုပ် Kitrat Panphet က ညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့ The Nation Thailand သတင်းမှာ ရေးသားထားပါတယ်။

ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဥပဒေ မလိုက်နာတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ လူမှုစည်းကမ်း ချိုးဖောက်သူ၊ အများ ပြည်သူကို အနှောင့်အယှက်ပေးသူနဲ့ ထိုင်းနိုင်ငံ ဂုဏ်သိက္ခာကို ကျဆင်းအောင်ဆောင်ရွက်သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ အဲဒီအမိန့်ကို ခရီးသွားရဲတပ်ဖွဲ့၊ နယ်စပ်ရဲတပ်ဖွဲ့ အပါအဝင် တစ်နိုင်ငံလုံး မှာရှိတဲ့ ရဲဌာနတွေကို ပေးပို့ထားပါတယ်။

ထိုင်းရဲချုပ်ရဲ့ အမိန့်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းမှာ ဥပဒေ မလိုက်နာတဲ့ နိုင်ငံခြားသားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူ ဖမ်းဆီးတာတွေ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရဲအရာရှိတွေဟာ ပြည်သူတွေ ဘေးကင်းဖို့ ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ပြီး ဥပဒေ ချိုးဖောက်သူ တွေကို တိတိကျကျ အရေးယူရမှာ ဖြစ်တယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။