ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုနဲ့ လူမှုကွန်ရက်ကနေ ပြည်သူတွေရွေးချယ်တဲ့ ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုရရှိသူတွေကို ကျပ်သိန်း ၇၀၀ ကျော် ဆုချီးမြှင့်ပေးခဲ့တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက် မနက်ပိုင်းက YRTCရုံးချုပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီလိုပေးအပ်ချီးမြှင့်ရာမှာ ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူတစ်ဦးကို ၆ သိန်းကျပ်နှုန်းနဲ့ ယာဉ်မောင်း၄၈ဦး၊ တာဝန်သိယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်၃သိန်းနှုန်းနဲ့ ယာဉ်မောင်း၁၄၈ဦး၊ လူမှုကွန်ရက်ကနေ ပြည်သူတွေက ရွေးချယ်ပေးတဲ့ ဝန်ဆောင်မှုကောင်းယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်၃သိန်းနှုန်းနဲ့ ယာဉ်မောင်း၄ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။စံပြယာဉ်မောင်းဆုကို YUPT က ၉ ဦး၊ YBPC က ၅ ဦး၊ ဗန္ဓုလ က ၃ ဦး၊ လူထုမိတ်ဆွေက ၄ ဦး၊ OMNI FOCUS က ၂ ဦး၊ ခေတ်သစ်ဘုရင့်နောင်က ၅ ဦး၊ ရွှေတောင်ပိုင်းက ၃ ဦး၊ ကုန်းဘောင်ရန်ကုန်က ၁ ဦး၊ အမြင့်မြတ်ဆုံးအင်အားက ၁ ဦး၊ တိုက်ကြီးသားက၂ ဦး၊ GYTC က ၂ ဦး၊ RCBT က ၁ ဦး၊ စံဝေလက ၁ ဦး၊ TRANS LINK က ၂ ဦး၊ ရွှေပြည်သာသားက ၁ ဦး၊ Transport Star က ၁ ဦး၊ Thet Yin Aung က ၂ ဦး၊ ပြည်စံသူက ၃ ဦး စုစုပေါင်း ၄၈ ဦး ရရှိခဲ့တာ ဖြစ်ပါတယ်။
တာဝန်သိယာဉ်မောင်းဆုကိုတော့ YUPT က ၇ ဦး၊ YBPC က ၃၁ ဦး၊ ဗန္ဓုလ က ၃၇ ဦး၊ OMNI FOCUS က ၇ဦး၊ လူထုမိတ်ဆွေက ၁ ဦး၊ ဘုရင့်နောင်က ၁၉ ဦး၊ ကုန်းဘောင်ရန်ကုန်က ၁၇ ဦး၊ အမြင့်မြတ်ဆုံးအင်အားက ၂ ဦး၊ Power Eleven က ၆ ဦး၊ TRANS LINK က ၄ ဦး၊ ရွှေပြည်သာသားက ၂ ဦး၊ ရွှေလမ်းခင်းက ၂ ဦး၊ Thet Yin Aung က ၈ ဦး၊ ပြည်စံသူက ၅ ဦး၊ စုစုပေါင်း ၁၄၈ ဦး ရရှိခဲ့တာဖြစ်ပါတယ်။

ယာဉ်မောင်းဆုတွေချီးမြှင့်ရာမှာ YRTC က ထုတ်ပြန်ထားတဲ့ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်ကင်းရှင်းသူ၊ Yangon Traffic Control Center နဲ့ Yangon Bus Operator (YBO) စစ်ဆေးချက်မှတ်တမ်းပါ ပြစ်မှုကင်းရှင်းသူတွေ၊ YRTC ID Card ရှိတဲ့ယာဉ်မောင်းတွေ၊ ကုမ္ပဏီမှာ အနည်းဆုံးလုပ်သက် ၁ နှစ်နဲ့အထက်မောင်းနှင်နေသူတွေ၊ အလုပ်ဆင်းရက်အများဆုံးနဲ့ ခေါက်ရေအများဆုံးမောင်းနှင်ထားသူတွေပြစ်မှုပြစ်ဒဏ်ကင်းသူတွေ စတဲ့ အချက်တွေကိုအခြေခံပြီး ဘုတ်အဖွဲ့နဲ့ စိစစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။