မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ကမ္ဘောဇဘဏ်ခွဲ(၃၇)မှာ တစ်ကိုယ် တော် ဓားပြတိုက်ခဲ့တဲ့ အမျိုးသားကို ဖေဖော်ဝါရီ ၂၂ ရက်၊ မနက်ပိုင်းက ဖမ်းမိခဲ့တယ်လို့ မဟာအောင်မြေ မြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းက ရဲအရာရှိ တစ် ယောက်က One News ကို အတည်ပြု ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ(၃၇)ကို ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လယ် ၂ နာရီအချိန်လောက်က စူပါကပ်ဆိုင်ကယ်နဲ့ မျက်နှာမှာ Mask တပ်ထားတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး ဘဏ်အတွင်း ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်ကာ ကျပ် သိန်း ၁၁၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခဲ့တာပါ။ကျူးလွန်သူကို ဖမ်းမိရေး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်သူ သိန်းဇော်ဦး (၅၄ နှစ်) ကို ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း ၁၂၀ ၊ ၆၈ (ဘီ) လမ်း နဲ့ ၆၈ (စီ) လမ်းကြားမှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး ဓားပြတိုက်ရာပါ ငွေကျပ် ၁၀၉၈ သိန်း နဲ့ ကျူး လွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေ နဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ကျူးလွန်သူကို ဖမ်းမိပါတယ်။ ပိုက်ဆံလိုအပ်လို့ ဓားပြတိုက်တာလို့ သိရပါတယ်။ ပစ္စည်းတချို့တဝက်တော့ ပြန်ရ ပါတယ်။ ကျူးလွန်သူက Delivery မုန့်ပို့တဲ့သူပါ။ ကျူးလွန်သူက သူတစ်ယောက်တည်းပါ ” လို့ မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။အခင်းဖြစ်ပွားတဲ့ မန္တလေးမြို့က ကမ္ဘောဇဘဏ်ခွဲ (၃၇)မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းကလည်း အမျိုးသားတစ်ယောက်တည်းကပဲ လက်လုပ်ပစ္စတိုသေနတ်နဲ့ ဓားပြဝင်တိုက်ခဲ့ပြီး ဘဏ်ဝန်ထမ်းတွေနဲ့ အနီးနားရှိ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။