မကွေးမြို့ ကွမ်းရွက်နဲ့ကွမ်းသီးဈေးကွက်မှာ အရင်နှစ်ထက် ဈေးအမြင့်ဘက်မှာ ရှိနေတယ်လို့ မကွေးမြို့က ကွမ်းရွက်နှင့်ကွမ်းသီး ရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။

အရင်နှစ်က ကွမ်းယာသည်သုံး အကောင်းဆုံးအမျိုးအစား ကွမ်းရွက်တစ်ပိဿာကို ကျပ်နှစ်သောင်း ဈေးသာရှိခဲ့ပြီး အသင့်တင့်နဲ့အညံ့စား ကွမ်းရွက်တွေကတော့ တစ်ပိဿာကို ကျပ်တစ်သောင်းကျော် တစ်သောင်းခွဲ ဝန်းကျင်သာ ဈေးရှိခဲ့တာပါ။ အခုနှစ်မှာတော့ အကောင်းဆုံး ကွမ်းရွက်တစ်ပိဿာကို ကျပ်နှစ်သောင်းခွဲဝန်းကျင်၊ အသင့်တင့်နဲ့ အညံ့စားတွေက ကျပ်တစ်သောင်းခွဲကနေ နှစ်သောင်းလောက်ထိ ဈေးရှိနေတယ်လို့ သိရပါတယ်။

အခုနှစ်မှာ ကွမ်းကောင်းထွက်ရှိမှု နည်းတာကြောင့် ဈေးမြင့်တက်လာတာဖြစ်တယ်လို့ မကွေးမြို့က ကွမ်းရောင်း ချသူ ဦးဇော်ဝင်းက ပြောပါတယ်။ အလားတူ ကွမ်းသီးဈေးကွက်မှာလည်း အရင်နှစ်က အကောင်းဆုံး ကွမ်းသီး တစ်ပိဿာကို (၈၀၀၀)ကျပ် ဈေး သာရှိပြီး ဒီနှစ်မှာတော့ အကောင်းဆုံး ကွမ်းသီး တစ်ပိဿာကို နှစ်သောင်းကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။ မကွေးမြို့ ကွမ်းဈေးကွက်မှာ သင်္ကြန်မတိုင်ခင် ကာလအထိ အခုဈေးတွေအတိုင်း တည်ငြိမ်နိုင်တယ် လို့လည်း ကွမ်းရောင်းဝယ်ရေးလုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။