မော်တော်ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်ခဲ့တဲ့အပြင် ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေကို မချေမငံ ဆက်ဆံတဲ့ YBS 110 ယာဉ်လိုင်းက ယာဉ်မောင်းတစ်ယောက်ကို YBS ယာဉ်မောင်းနှင်ခွင့် ပိတ်သိမ်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

ယုဇနဥယျာဉ်မြို့တော်ကနေ ဆူးလေ(မြို့တော်ခန်းမ)ကို ပြေးဆွဲနေတဲ့ YBS 110 ယာဉ်လိုင်းက ယာဉ်တစ်စီးဟာ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ်ပိုင်းက သံသုမာလမ်းမပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး ခရီးသည်တွေက ကား ကို ရပ်တန့်ဖို့ ပြောဆိုရာမှာ ယာဉ်မောင်းဖြစ်သူက မချေမငံ ဆက်ဆံပြောဆို တုံ့ပြန်ခဲ့တာပါ။ အဲဒီနောက် ယာဉ်မောင်းနဲ့ ခရီးသည်တွေအကြား စကားအချေအတင် ဖြစ်ပွားပြီး ယာဉ်ပေါ်ပါ ခရီးသည်တွေ အားလုံး ယာဉ်ပေါ်ကနေဆင်းပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။

မီးနီ ၃ ကြိမ်ဖြတ်မောင်းတာ အပါအဝင် ယာဉ်အကူတင်ဆောင်တာ၊ အရှိန်ပြင်းစွာမောင်းနှင်တာနဲ့ ယာဉ်မတော် တဆမှုတွေကြောင့် ယာဉ်မောင်ထွက်ပြေးတာတွေ စတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ရင် ယာဉ်မောင်းကို YBS မောင်းနှင်ခွင့် ဖျက်သိမ်းတာပြုလုပ်မှာ ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ YUPT Public ကုမ္ပဏီကလည်း အဲဒီဖြစ်စဉ်ကို စစ်ဆေးခဲ့ရာ YBS 110 ယာဉ်မောင်းဟာ ခရီးသည်တွေကို စိတ် ငြိုငြင်အောင် ပြုမှုဆောင်ရွက်တာ၊ အရှိန်ပြင်း မောင်းနှင်တဲ့အတွက် ခရီးသည်တွေကို ထိတ်လန့်စေတာ မှန်ကန် တဲ့အတွက် အဲဒီယာဥ်မောင်းကို ထုတ်ပယ်ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။