တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်စစ်ရဟတ်ယာဉ်တစ်စင်းဟာ ဖိလစ်ပိုင်ကင်းလှည့်လေယာဉ်ရဲ့အနီး (၁၀)ပေ အထိ အလွန်နီးနီးကပ်ကပ် ပျံသန်းမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီတရုတ်စစ်ရဟတ်ယာဉ်ရဲ့ လှုပ်ရှားမှုဟာ အန္တရာယ်ကြီး တဲ့လုပ်ရပ်လို့ အမေရိကန်နိုင်ငံက ပြစ်တင်လိုက်ပါတယ်။ အဲဒီလို ယာဉ်နှစ်စင်း ထိပ်တိုက်တွေ့မှုဟာ နာရီဝက် နီးပါး ကြာမြင့်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဖိလစ်ပိုင် လေယဉ်မှူးက တရုတ်စစ်ရဟတ်ယာဉ်မှူးကို ဆက်သွယ်ပြီး ရဟတ်ယာဉ်ရဲ့ အကွာအဝေး သိပ်နီးကပ်လွန်းနေတဲ့အတွက် ယာဉ်နဲ့ယာဉ်ပေါ်က ဝန်ထမ်းတွေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို စကာဘာရဲလ် ကျွန်းအနီးမှာ ကင်းလှည့်ပျံသန်းတဲ့ ဖိလစ်ပိုင် ငါးလုပ်ငန်းဌာနပိုင် ဆက်စနာ လေယာဉ်ငယ်ပေါ် လိုက်ပါလာခဲ့တဲ့ အေပီသတင်းထောက်ကလည်း မျက်မြင်တွေ့ရှိခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ စကာဘာရဲလ် ကျွန်းဟာ ဖိလစ်ပိုင် ကျွန်းမကြီး အနောက်ဘက် မိုင်(၁၄၀)အကွာမှာ တည်ရှိပြီး ငါးဖမ်းလုပ်ကွက်ကောင်းတွေ အလယ်မှာတည်ရှိတဲ့ ကျွန်းပါ။ အဲဒီကျွန်းကို ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသီးသန့်စီးပွားရေးဇုန်နယ်နိမိတ်ထဲမှာ ကျရောက်နေပေမဲ့ တရုတ်နိုင်ငံက (၂၀၁၂)ခုနှစ်ကတည်းက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်လာခဲ့တယ်လို့ အာရှ ရေကြောင်းပွင့်လင်းလွတ်လပ်မှုရှိရေးရှေ့ဆောင်အဖွဲ့ရဲ့ အချက်အလက်က ဖော်ပြထားပါတယ်။