ခဲအရည်ကျိုလုပ်ငန်းနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်တွေကို ဆက်စပ်ဝန်ကြီးဌာန တွေရဲ့ သဘောထား မှတ်ချက်တွေနဲ့အညီ ပြင်ဆင်ပြုစုထားရှိပြီး ဖြစ်တယ်လို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်၊၊

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပပြုလုပ်တဲ့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်တွင်းသယ်ယူပို့ဆောင်ရာမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထိ ရောက်စွာ ကြီးကြပ်နိုင်ရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်၊၊

အခုအစည်းအဝေးမှာ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်နဲ့ ခဲအရည် ကျိုလုပ်ငန်းနှင့်ပတ်သက်ပြီး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်တွေ သတ်မှတ်ခြင်း ညွှန်ကြားချက် တွေကို ထုတ်ပြန်ဖို့အတွက် ဗဟိုဦးစီးအဖွဲ့ရဲ့ အတည်ပြုချက် ရယူသွားမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။