မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု ယူနက်စကို ဝင်ရောက်နိုင်ဖို့အတွက် လူထုအားနဲ့ လှုပ်ရှားမှုတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သနပ်ခါးယဉ်ကျေးမှုဓလေ့ ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အခုနှစ်မှာ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

သနပ်ခါးကို လူမျိုး ဘာသာမရွေး၊ အရွယ်မရွေး လိမ်းကြတဲ့အတွက် လူတိုင်းနဲ့ သက်ဆိုင်တဲ့ ဓလေ့ တစ်ခုဖြစ်တာ ကြောင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ နှစ်စဉ် တပို့တွဲလပြည့်နေကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခု ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ဖို့အတွက် ပြည်သူတွေကလည်း စိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်နေကြတာတွေရှိတယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။ လူထုလှုပ်ရှားတစ်ရပ်အနေနဲ့ ဖေဖော်ဝါရီလ(၁၂)ရက်က ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြေ ဂါဒင်းမှာ သွေးချင်းစုံလင်သနပ်ခါးသဘင် သရုပ်ဖော်ပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှာ တစ်ဦးချင်းအလိုက် လာရောက် ယှဉ်ပြိုင်ကြတာရှိသလို လူမှုအဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့ စုစုပေါင်း(၃၆)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။တစ်ဖက်မှာလည်း သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုဝင်ရောက်နိုင်ဖို့ လူမှုရေးအဖွဲ့အစည်းတွေက ဆောင်ရွက်နေသလို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကလည်း အမျိုးသားပြတိုက်၊ ယဉ်ကျေးမှုပြတိုက်တွေနဲ့ စာကြည့်တိုက်တွေမှာ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို သနပ်ခါး ရက်သတ္တပတ် ဒါမှမဟုတ် သနပ်ခါးလအဖြစ် ဖေဖော်ဝါရီတစ်လလုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။