NBA ကလပ် ဖီးနစ်ဆန်းအသင်းသား ကီဗင်ဒူရန့်ဟာ NBA ပြိုင်ပွဲသမိုင်းမှာ ရမှတ် ၃ သောင်းပြည့်တဲ့ ၈ ယောက် မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဒူရန့်ဟာ မန်ဖစ်ဂရစ်လိုင်းအသင်းကို အနိုင်ရတဲ့ ပွဲမှာ အသင်းအတွက် ရမှတ်ပေါင်း ၃၄ မှတ် ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ရမှတ် ၂၆ မှတ်ရယူအပြီးမှာ ကစားသမား ဘဝ ရမှတ်ပေါင်း ၃ သောင်း ပြည့်ခဲ့တာပါ။

NBA အောစတားအသင်းမှာ ၁၅ ကြိမ်အထိ ရွေးချယ်ခံခဲ့ရတဲ့ ဒူရန့်ဟာ ကစားသမားဘဝ ၁၁၀၁ ပွဲမြောက်မှာပဲ ရမှတ် ၃ သောင်းပြည့်ခဲ့တာဖြစ်လို့ တတိယအမြန်ဆုံး ရမှတ် ၃ သောင်း ပြည့်တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒူရန့်ထက် ပွဲအနည်းဆုံးနဲ့ ရမှတ် ၃ သောင်း ပြည့်ခဲ့တာဆိုလို့ ၉၄၁ ပွဲ ကစားခဲ့တဲ့ ချန်ဘာလိန်နဲ့ ပွဲပေါင်း ၉၆၀ ကစားခဲ့တဲ့ မိုက်ကယ်ဂျော်ဒန် တို့သာ ရှိတာဖြစ်ပါတယ်။

ဒူရန့်က မယုံ ကြည်နိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး သူ့လိုကစားသမားမျိုး ရှိနေတာက အသင်းအတွက် ပိုကောင်းပါတယ်လို့ ဖီးနစ်ဆန်းအသင်းနည်းပြက ချီးကျူးသွားခဲ့ပါတယ်။ ကစားသမားဘဝ NBA ရာသီ ၁၇ ခု မြောက်ကို ဖြတ်သန်းနေတဲ့ ဒူရန့်က အခုလိုရမှတ်မျိုးကို ရယူနိုင်တဲ့ ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာကောင်းခဲ့သလို ပွဲတွေမှာအကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ကိုလည်း ခွန်အားဖြစ်စေပါတယ်လို့ ပြောသွား ခဲ့ပါတယ်။