ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာ တပို့တွဲလပြည့်နေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ(၁၂)ရက်နေ့က သံဃာတော်တွေနဲ့ သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ် ထောင်စုတွေကို စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရ ဦးဆောင်ကာ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အစရှိတဲ့ အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ အခုလို လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစားသောက်ကုန် လှူဒါန်းပွဲကို အလှူရှင်တွေက ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့ကြသလို အနုပညာ ရှင်တွေကလည်း လှူဒါန်းတာတွေအပြင် တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရဟာ သံဃာတော်တွေ၊ သီလရှင်တွေ၊ အနှေး ယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို လပြည့်နေ့တိုင်း စားသောက်ကုန် လှူဒါန်းတာအပြင် အခက်အခဲဖြစ်နေတဲ့ နေရာဒေသတွေ၊ သဘာဝဘေးကျရောက်တဲ့ဒေသတွေမှာ စားသောက်ကုန်၊ ငွေကြေး၊ တိုက်နယ်ဆေးရုံဆောက်လုပ်လှူဒါန်းတာ အစရှိတဲ့ အလှူတွေကိုလည်း လှူတန်းပေးနေတယ်လို့ သိရပါတယ်။