ညစ်ညမ်းစာတွေ ဖော်ပြပါရှိတဲ့ စာအုပ် ၄ အုပ်နဲ့ပတ်သက်လို့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ နှစ်ယောက်ကို ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာပါတယ်။အဲဒီစာအုပ်တွေထဲမှာ ဟီရိဩတ္တပ္ပကင်းတဲ့၊ မြန်မာ့လူအဖွဲ့အစည်းကလက်မခံတဲ့၊ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင် မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချိခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ဥပဒေစည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ “Personal Stylist” ၊ “I Am Your Baby Father ” ၊ “ ညို”နဲ့ “AhMoon” စတဲ့ စာအုပ် ၄ အုပ်ကို ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေရဲ့ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်တွေကို ရုပ်သိမ်းတာ၊ တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာတာနဲ့ ဥပဒေနဲ့အညီ တရားစွဲဆို တာတွေကို ဆောင်ရွက်နေတယ်လို့ ကြေညာချက်အရ သိရပါတယ်။

ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ ဥပဒေပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ပုံနှိပ်၊ ထုတ်ဝေတာတွေကို ပြုလုပ်ရင် ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူ သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။