ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လိမ်လည်မှု (ကျားဖြန့်)လုပ်ကိုင်နေတဲ့ နေရာတွေကို ဝင်ရောက် ရှင်းလင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၉ ယောက် အပါအဝင် စုစုပေါင်း ၈၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး နယ်မြေစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

မိုင်းဟဒေသ၊ နောင်ဟန်ရွာအနီးမှာ ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ယာယီအဆောက်အအုံ ၇ လုံးကို တွေ့ရှိတဲ့အတွက် ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖုန်း ၁၈၁ လုံး၊ လက်ပ်တော့ ၂၅ လုံး၊ Disktop ၂၁ လုံး၊ Keyboard ၂၈ ခုနဲ့ Wifi စက် ၂ လုံး၊ Starlink အင်တာနက် ဆက်သွယ်ရေးစက် ၂ စုံနဲ့ ဆိုလာတွေ၊ဘတ်ထရီတွေ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက် ဝန်းကျင်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့တွေနဲ့ အပြန်အလှန် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့က အလောင်း ၂ လောင်းနဲ့အတူ ကျားဖြန့်လုံခြုံရေး ငါးယောက်၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၁ ယောက်၊ မြန်မာ နိုင်ငံသား အမျိုးသား ၃ ယောက် ၊ အမျိုးသမီး ၄ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံး ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့တယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က မိုင်းဟဒေသ၊ နောင်ဟန်ရွာတစ်ဝိုက်မှာ အသေးစိတ် စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံသား ၉ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၈ ယောက် ၊ မြန်မာနိုင်ငံသား ၂၇ ယောက်၊ ဖေဖော်ဝါရီ ၇ ရက်က နောင်ဟန်ရွာအနီးတစ်ဝိုက်မှာ တရုတ်နိုင်ငံသား ၁၂ ယောက်တို့ကို တရားမဝင် အွန်လိုင်းလိမ်လည် လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပနိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။