မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်၇ဒသမ၃ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဖေဖော်ဝါရီ၈ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကညတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ၁ရက် ညနေ၅နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မယ်ဆိုတဲ့သတင်းအရ စောင့်ဆိုင်းနေစဉ်အမျိုးသား၂ယောက်ကို ဘိန်းဖြူ၁၁ကီလိုနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူရောင်းဝယ်ရာမှာ ပွဲစားပြုလုပ်ပေးတဲ့အမျိုးသမီး၁ယောက်၊ ပူးပေါင်းပါဝင်တဲ့အမျိုးသား၃ယောက်တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူတွေရောင်းချခိုင်းတဲ့အမျိုးသား၁ယောက်ကိုလည်း ဘိန်းဆီခဲ ၂၅ဂရမ်နဲ့အတူ ဆက်လက်ဖမ်းမိခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဂိုဒေါင်တစ်ခုအတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား၄၆ဒသမ၉၄သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ဆေးဖော်ထုတ်ချက်တွေအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းက အမျိုးသား၁ယောက်နဲ့အစီအမံနဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းသိုလှောင်ရောင်းဝယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်မှာ အမျိုးသား၆ယောက်၊ အမျိုးသမီး၁ယောက်တို့ကို ကာလတန်ဖိုးငွေကျပ်၇ဒသမ၃ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၁ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ဒသမ၉၄၂သိန်းနဲ့ ဘိန်းဆီခဲ၂၅ဂရမ်တို့နဲ့အတူ ဖမ်းမိခဲ့ပြီး ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူထားသူ ကွင်းဆက်ကျူးလွန်သူတွေကို ဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CCDAC Myanmar