သောကြာညက ကစားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲမှာ မန်ယူအသင်းနောက်ဆုံးမိနစ်မှာရခဲ့တဲ့ အနိုင်ဂိုးက လူကျွံနေတယ်လို့ လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက ဝေဖန်သွားခဲ့ပါတယ်။မန်ယူ အသင်း ၂ ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ဒီပွဲမှာ မန်ယူနောက်ခံလူ မက်ဂွိုင်းယားက နာကျင်အချိန်ပိုမှာ အနိုင်ဂိုး ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့အလွတ်တည်ကန်ဘောကို မက်ဂွိုင်းယားက ခေါင်းတိုက် သွားခဲ့တာဖြစ်ပြီး ရုပ်သံပြကွက်တွေအရ မက်ဂွိုင်းယားက လူကျွံအနေအထားမှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်မှသာစပြီး VAR စနစ်ကို စတင်အသုံးပြုဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ ညကပွဲမှာ VAR စနစ်အသုံးပြုခြင်းမရှိတဲ့အတွက် မန်ယူအသင်း အသာရသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ လက်စတာနည်းပြ နစ္စတယ်ရွိုင်းက လက်စတာအသင်းအကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ လူကျွံဂိုးတစ်ဂိုးကြောင့်ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်မိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

မန်ယူနည်းပြ အမ်မိုရင် ကလည်း လက်စတာအသင်းနဲ့ပွဲမှာ မန်ယူအသင်းကံကောင်းပြီးအနိုင်ရခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။ အခုအဆင့်မှာ VAR ကိုသာအသုံးပြုခဲ့မယ်ဆိုရင် မန်ယူအသင်းအနိုင်ဂိုးရမှာ မဟုတ်ဘဲ အချိန်ပိုကိုဆက်ကစားသွားရနိုင်ပါတယ်လို့လည်း အမ်မိုရင်ကပြောသွားခဲ့ပါတယ်။