ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ လာအိုနိုင်ငံက ဝယ်ယူထားတဲ့ လျှပ်စစ်ဓာတ်အားနဲ့ အစားထိုး ချိတ် ဆက် ဖြန့်ဖြူးပေးနေတယ်လို့ တာချီလိတ်မြို့ မီးလင်းရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။တာချီလိတ်မြို့ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်းကို ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀ ကို ရယူ ဖြန့်ဖြူးခဲ့ပြီး လာအိုနိုင်ငံကလည်း မဂ္ဂါဝပ် ၃၀ ကို ထပ်တိုး ရယူပြီး ဖြန့်ဖြူးနေတာ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်း-မြန်မာ နယ်စပ် ဒေသ တွေ ဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူ၊ ရွှေကုက္ကိုလ်နဲ့ တာချီလိတ် နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က ဖေဖော် ဝါရီ ၅ ရက် မနက်ပိုင်းကစပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲဒါကြောင့် တာချီလိတ်မြို့မှာ ဓာတ်အားသုံးစွဲသူတွေ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်စေဖို့ လာအို နိုင်ငံ က လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ နဲ့ တိုးချဲ့အစားထိုး ချိတ်ဆက်ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

ဒါ့ကြောင့် ဖေဖော်ဝါရီ ၅ ရက်၊ ညပိုင်းမှာပဲ တာချီလိတ်မြို့မှာ ဓာတ်အားပြတ်တောက်မှုအပေါ် ဓာတ်အား ပြန်လည် ပို့လွှတ်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း မြို့ မီးလင်းရေး ဦးဆောင်ကော်မတီက သိရပါတယ်။တာချီလိတ်မြို့မှာတော့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက် ကနေ တာချီလိတ်ဘက်ကို တင်သွင်းဖို့ ဆီဘောက်ဆာကားတွေ ရပ်ဆိုင်းသွားတဲ့အတွက် ဒေသခံ ပြည်သူတွေ စိုးရိမ်စိတ် ဖြစ်ပေါ်ပြီး စက်သုံးဆီတွေ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူမှုတွေ များခဲ့တယ်လို့လည်း ဒေသခံ ပြည်သူတွေက ပြောပါ တယ်။

စက်သုံးဆီတွေကိုတော့ ဆီပုံး၊ ဆီတိုင်ကီတွေက လွဲ၍ အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ယာဉ်တွေကို ပုံမှန် အတိုင်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့လည်း တာချီလိတ်မြို့နယ် စက်သုံးဆီ အသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။