ရီးရဲလ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကနေဒါဘယ်နောက်ခံလူ ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒေးဗီးစ်ရဲ့ စာချုပ်က ၆ လသာ ကျန်ရှိတော့တာဖြစ်ပြီး အစောပိုင်းက ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ဒေးဗီးစ်ဘက်က ငြင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ရီးရဲလ်အသင်းက ရာသီအကုန်မှာ ဒေးဗီးစ်ကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ခေါ်ယူဖို့ မျှော်လင့်နေခဲ့တာပါ။ ဒါပေမဲ့ ဘိုင်ယန်အသင်းဘက်က ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းလာခဲ့ချိန်မှာတော့ ဒေးဗီးစ်ဘက်က လက်ခံခဲ့တာဖြစ်လို့ ရီးရဲလ်အသင်းရဲ့ မျှော်လင့်ချက်တွေလည်း ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်လို့ ဝမ်းသာပျော်ရွှင်မိပါ တယ်လို့ ဒေးဗီးစ်က ပြောကြားသွားခဲ့ပါတယ်။

အခုရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၁၆ ပွဲပါဝင်ကစားပေးထားတဲ့ ဒေးဗီးစ်ဟာ ၂၀၁၉ ခုနှစ် က ဘိုင်ယန်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ယောက် အဖြစ် ခြေစွမ်းတိုးတက်လာခဲ့တာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ခံလာရသူ ဖြစ်ပါတယ်။