မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားရာဒေသဖြစ်သည်။ဘာသာ ကြီးလေးခုအနက် မြန်မာနိုင်ငံအ တွင်းအများဆုံးကိုးကွယ်သည့်ဘာသာမှာဗုဒ္ဓဘာသာဖြစ်သည်။ မြန်မာဗုဒ္ဓဘာ သာဝင်တို့မှာ ဘာသာတရား၏အဆုံး အမဖြင့်အေးချမ်းစွာနေထိုင်ကြသူများလည်းဖြစ်ကြသည်။ဘုရားရိပ်၊ တရားရိပ်သည် အေးချမ်းလှသည် ဟုလည်း ဂုဏ်ယူလေ့ရှိကြသည်။ အသက်အရွယ်ကြီိး မြင့်သူအများစုတို့မှာ တရားစခန်း တွေဝင်ပြီး တရားအားထုတ်ခြင်း၊ဘုရား ကျောင်းကန်များသို့ သွားပြီး ဥပုသ်သီလဆောက်တည်ခြင်းများ ကိုပြုလုပ်ကြကာဘာသာရေးဖြင့်မွေ့လျော်တတ်ကြ သည်။

ပရိယတ္တိသာသနာ
ဗုဒ္ဓဘုရားရှင်၏သာသနာသုံးရပ်ဖြစ်သော ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာ စသည် များတွင်ပရိယတ္တသာသနာတော်မြတ်သည်အရင်းမူလပထမဖြစ်သည်။ပရိယတ္တိသာသနာဟူသည်သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတည်းဟူသော ပိဋကတ်သုံးဖြာ ဗုဒ္ဓအဆုံးအမတရားဖြစ်သည်။ ပဋိပတ္တိသာသနာမှာ ဘုရားဟောတရားတော်များနှင့် အညီကျင့်ကြံအားထုတ်ခြင်း ပင်ဖြစ်သည်။ ပဋိဝေဓသာသနာမူကား ထိုသို့ကျင့်ကြံအားထုတ်သဖြင့် ရရှိခံစားအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာတရားဖြစ်သည်။ ထိုသာသနာ သုံးရပ်တွင်ပရိယတ္တိသာသနာမှာ အခြေခံအ ကျဆုံး၊သာ သနာသုံးရပ် ၏အသက်လည်းဖြစ်ပြီး၊ ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာနှစ်ရပ် ၏အခြေခံမူလလည်း ဖြစ်သည်။ ဆိုရလျှင် မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်မြတ်ဟူသောပရိယတ္တိသာသနာကွယ်ပျောက်လျှင် နည်းလမ်းတကျကျင့်ကြံ အားထုတ်နိုင်ခြင်း ဟူသော ပဋပတ္တိသာသနာလည်း ထင်ရှားဖြစ်ပေါ်လာနိုင်ခြင်း ရှိမည်မဟုတ်ပေ။မှန်ကန် သည့်အကျင့်တရားဖြစ်သည့်ပဋပတ္တိသာသနာတော်မြတ်ကြီးမရှိပါကလည်းမဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသောထူးကဲ မွန်မြတ်လှသည့်တရားတော်မြတ်အတန်တန်ကိုလည်းထိုးထွင်းသိမြင်နိုင်ခြင်းဟူသောပဋိဝေဓသာသနာတော်အကျိုးတရား လည်းဆိတ်သုဉ်းမည်ဖြစ်သည်။ထိုကြောင့်လည်း သာသနာသုံးရပ်နှင့် ပတ်သက်၍ ပရိယတ္တိ သာသနာတော်သည် ကန် ပေါင်ကန်ရိုးနှင့်တူပြီး၊ပဋိပတ္တိသာသ နာတော်သည် ရေနှင့်တူကြောင်း၊ ပဋိဝေဓသာသနာတော်သည်ကြာရိုးကြာပွင့် နှင့်တူကြောင်း ဆရာတော်ကြီး များကမြွက်ဆိုကြသည်။ ပရိယတ္တိဟူသောကန်ပေါင်ကန်ရိုးခိုင်ခံ့ပါမှပဋိဝေဓတည်း ဟူသောသာသနာရေပြင်ရှိမည် ဖြစ်သည်။ ရေပြင်ကြီးရှိမှသာပဋိဝေဓတည်းဟူသောကြာရိုး ၊ကြာစွယ်၊ ကြာဖူး၊ကြာပွင့် များဝေဝေဆာဆာဖူးပွင့်လာ နိုင်မည်ဖြစ်သည် ။
သာသနာတော်၏အသက်မှာပရိယတ္တိသာသနာဖြစ်သည်။စာပေပျောက်လျှင်လူမျိုးပျောက်မည်ဆိုသကဲ့သို့ ဘုရားရှင်ဟောကြားတော်မူသော တရားတော်များ ကွယ်ပျောက်သွားလျှင်သာသနာကွယ် ပျောက်သွားမည်ဖြစ်သည်။ စာပေသည်လူမျိုးတို့၏ အသက်ဖြစ်သကဲ့သို့ပရိယတ္တိစာပေဟုဆိုအပ်သော ဝိနည်း၊သုတ္တန်၊အဘိဓမ္မာဟုဆိုသည့်စာ ပေသည်လည်း သာသနာတော်၏ အသက်ဖြစ်သည်။ သို့ဖြစ်လေရာ ပရိယတ္တိစာပေတို့ကို သင်ယူမှုနှင့်ထိုပရိယတ္တိစာ ပေ တို့ကိုထူးထူးချွန်ချွန်သင်ယူတတ်မြောက်မှုတို့မှာ သာသနာတော်အတွက်အရေးကြီးလှပေသည်။

ပရိယတ္တိစာမေးပွဲများ
ထိုသို့ပရိယတ္တိသာသနာတော်အရေးကြီးကြောင်းသိရှိထားကြသောမြန်မာနိုင်ငံအတွင်းရှိထေရဝါဒ ဘာသာရေး ခေါင်းဆောင်ဆရာတော်ကြီးများနှင့် ဒါယကာ၊ဒါယိကာမ တို့သည်သာသာနာ ထွန်းကား၍ ရေရှည်တည်တံ့ စေရန်အတွက်အားပေးစောင့်ရှောက်ချီးမြှောက်တော်မူခဲ့ကြသည်။
မြန်မာနိုင်ငံပရိယတ္တိစာမေးပွဲများတွင်ပထမပြန်စာမေးပွဲသည်သက်တမ်းအရှည်ဆုံးဖြစ်သည်။ညောင်ရမ်းခေတ် တွင်ပေါ်ထွန်းခဲ့သောသာလွန်မင်းတရားကြီးသည်မြန်မာသက္ကရာဇ်၁၀၀၀ ပြည့်နှစ်(ခရစ်နှစ် ၁၆၃၈ခန့်) တွင်ပထမပြန် စာမေးပွဲကိုစတင်ကျင်းပခဲ့သည်။ ရဟန်းသာမဏေများသာမက မင်းညီမင်းသားများပါဝင် ဖြေဆိုခဲဲ့ကြသည်။သာလွန်မင်းတရားလက်ထက်၌ စတင်ကျင်းပခဲ့သောပထမပြန်စာမေးပွဲသည် အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်သည့် ၁၂၄၇ ခုနှစ်(ခရစ်နှစ် ၁၈၈၅ ခုနှစ်) တွင်ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင်သာသနာတော်အကျိုးကို လိုလားသောဆရာတော်ကြီး များ၊ဒါယကာ၊ဒါယိကာမများကစုပေါင်း၍ သာသနာတော် မကွယ်ပျောက်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဆက် လက်ကျင်းပခဲ့ကြပြီး အင်္ဂလိပ်အစိုးရကို လည်းပထမပြန်စာမေးပွဲများကိုဆက်လက်ကျင်းပရန်တိုက်တွန်းတောင်းဆို ခဲ့ကြသည်။ ဤသို့တောင်းဆိုချက်များအရ အင်္ဂလိပ်အစိုးရသည် ရှေးမြန်မာမင်းများလက်ထက်ပြဋ္ဌာန်းခဲ့သည့် သင်ရိုးအ တိုင်းသတ်မှတ်ကာ ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၅)တွင်ပြန်လည်ကျင်းပပေးခဲ့သည်။စတင်ကျင်းပသည့်နှစ်ကပထမ ငယ်တန်း၊ပထမလတ်တန်းနှစ်တန်းသာကျင်းပခဲ့သော်လည်းနောက်နှစ်မှစ၍ပထမကြီးတန်းထိတိုးချဲ့ကျင်းပခဲ့သည်။
ပရိယတ္တိသာသနာဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားသောအလှူရှင်ဒါယကာကြီးများသည်သာသနာတော်ကို အားပေးစောင့်ရှောက်ရန်အတွက် ပရိယတ္တိသာသနာ့ဟိတ(သကျသီဟ)အသင်းကြီးကို၁၂၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၉၈) ခုနှစ်တွင် မန္တလေးမြို့၌ထူထောင်ခဲ့ကာ မြန်မာနိုင်ငံပရိယတ္တိ စာပေလောကတွင် နာမည်အကြီး ဆုံးဖြစ်သော သကျသီဟ စာ မေးပွဲကြီးကို ၁၂၆၅ ခုနှစ်(ခရစ်နှစ် ၁၉၀၃) ခုနှစ် တွင်စတင်ကျင်းပခဲ့ပြီး စာချတန်းအောင် မြင်သော ပုဂ္ဂိုလ်များကို အဘိဝံသ ဘွဲ့ကိုကပ်လှူခဲ့သည်။ ဆက်လက်ပြီး စေတိယင်္ဂနပရိယတ္တိ ဓမ္မနုဂ္ဂဟအသင်းကို ၁၂၆၅ ခု နှစ်(ခရစ်နှစ် ၁၉၀၃)ခုတွင်ရန်ကုန်မြို့၌ဆက်လက်ဖွဲ့စည်းခဲ့သည်။ ဤအသင်းမှ ဦးဆောင်သောစေတိယင်္ဂန စာမေး ပွဲကို ၁၂၈၀ ပြည့်(ခရစ်နှစ် ၁၉၁၈)ခုနှစ် တွင်သာကျင်းပနိုင်ခဲ့ပြီး စာချတန်းအောင်မြင်ပြီးသောပုဂ္ဂိုလ်များအား အဘိ ဝံသဓမ္မာစရိယဘွဲ့တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
လွတ်လပ်ရေးရပြီးတစ်နှစ်အကြာ (ခရစ်နှစ် ၁၉၅၈)တွင် ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ်များ ပေါ်ထွန်း ရေးနှင့် ဆဋ္ဌသင်္ဂါယနာ ကျင်းပနိုင်ရေး အတွက်တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးကို စတင်ကျင်းပခဲ့သည်။ဤစာမေးပွဲ တွင်ပြဋ္ဌာန်းစာအုပ်ရေ ၂၀၊(စာမျက်နှာပေါင်း ဆိုက်ကြီးဖြင့် ၈၉၈၀ မျက်နှာ)ကိုအာဂုံပြန်ဆိုနိုင်သောပုဂ္ဂိုလ်များကိုတိပိဋကဘွဲ့ကပ်လှူသည်။ သဘောရေးဖြေပါအောင် မြင်မှသာတိပိဋကကောဝိဒ(တိပိဋကဓရ တိပိဋကကောဝိဒ)ဘွဲ့ကိုကပ် လှူသည်။
သာသနာတော်သုံးရပ်တွင် အခြေခံအကျဆုံးဖြစ်ပြီး အလွန့်အလွန်အရေးပါသော ပရိယတ္တိသာသနာတော်ကို အားပေးစောင့်ရှောက်သောအားဖြင့် ဘာသာခြား အင်္ဂလိပ်တို့ လက်အောက်တွင်ရှိ နေစဉ်ကာလအတွင်းအခြားသောမြို့ ကြီးအချို့တွင်လည်းပရိယတ္တိစာမေးပွဲများကျင်းပ၍အားပေးပူဇော်ခဲ့ကြရာ ထင်ရှားသောစာမေးပွဲများသည် ၁၂၈၂ ခုနှစ် (ခရစ်နှစ် ၁၉၂၀) ၌ စတင်ကျင်းပခဲ့သော ညောင်တုန်းမြို့ သုဓမ္မာပရိယတ္တိစာမေးပွဲ၊ ၁၂၈၄ ခုနှစ်(ခရစ်နှစ် ၁၉၂၂)တွင်စ၍ကျင်းပခဲ့သောသုဝဏ္ဏဘူမိ ပရိယတ္တိသာသန ဟိတအသင်းစာမေးပွဲ၊၁၂၉၂ ခုနှစ်(ခရစ်နှစ် ၁၉၃၀)တွင်စ၍ကျင်းပခဲ့သောမော်လမြိုင်မြို့ ပရိယတ္တိသဒ္ဓမပါလ အသင်းစာမေးပွဲများဖြစ်ကြသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တွင်လည်း မြန်မာ နိုင်ငံအနှံ့အပြားတွင် ပရိယတ္တိစာသင်တိုက်များကိုထူထောင်ဖွင့်လှစ်ကြကာ စာသင်သားရဟန်းတော်များအားပရိယတ္တိစာပေများ ပို့ချသင်ကြားပေးလျက်ရှိကြသည့်နည်းတူ ဒေသအလိုက်ပရိယတ္တိစာမေးပွဲများကိုလည်းကျင်းပပြုလုပ် လျက်ရှိနေကြသည်။တိပိဋကဓရစာမေးပွဲ၊ဓမ္မာစရိယစာမေးပွဲ၊ပထမပြန်စာမေးပွဲများနှင့်ဒေသနယ်မြေများအတွင်းကျင်း ပပြုလုပ်သည့်စာမေးပွဲများတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်အရှင်မြတ်များအား ပရိယတ္တိပညာ ရည်ချွန်ဆုများချီးမြှင့် ပူဇော်ခြင်းများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာဗုဒ္ဓဘာသာဝင်များကားဘာသာရေးနှင့် ပတ်သက်လျှင်ကြည်ညိုသက်ဝင် သဒ္ဓါရွှင်သူများလည်း ဖြစ်ကြ သည်။ ဗုဒ္ဓဘာသာဝင်များမှာ လှူနေတန်းနေရလျှင်ပင် ကြည်မွေ့ရွှင်ပျော် နေတတ်ကြသူများ ဖြစ်ကြသည်။ထိုကြောင့် လည်း မြန်မာနိုင်ငံနေရာဒေသအနှံ့တွင်ဘာသာရေးတရားပွဲတော်များ၊ ရှင်ပြုအလှူမင်္ဂလာပွဲတော်များကျင်းပပြု လုပ်ပြီး မိမိတို့တတ်နိုင်သမျှ လှူဒါန်းဒါနပြု၍ ကုသိုလ်ယူနေကြ သည်များကိုမြင်ရ တွေ့ရသည်မှာ မြင်တွေ့ရသူများ၏ စိတ်ကို ကြည်နူးချမ်းမြေ့စေသည်။အနယ်နယ်အရပ်ရပ်တွင် ဆိုင်းသံ၊ဗုံသံသည်းသည်းညံလျက်အလှူပွဲများဖြင့်စည်ကားနေ တတ်ကြသည်။ အလှူရှင်လည်းပျော်၊ ရွှေပွဲလာဧည့်ပရိသတ်တို့လည်းပျော်ကြသည်။ဤလိုအလှူများ အပြင် ဘာသာ၊ သာသနာနှင့် ပတ်သက်၍ ပရိယတ္တိအရာ၌ထူးချွန်ထက်မြက်သောသံဃာတော် အရှင်သူမြတ်များအား ဂုဏ်ပြုခြင်း၊ ချီးမြှောက်သော ပွဲတော်များကိုလည်းတွေ့ရတတ်သည်။ ဗုဒ္ဓသာသနာ၏ အခြေခံရေသောက်မြစ်မှာ ပရိယတ္တိစာပေ တည်တန့်ခိုင်မြဲရေးအတွက်ရွက်ဆောင်ကာ သာသနာ့ဝန်ကိုထမ်းဆောင်နေကြသည့်ရဟန်းတော်များ အား ဖူးတွေ့ခွင့်ရနေသည်မှာ မွန်မြတ်သောကုသိုလ်တစ်ခုဖြစ်သည်ဟု ဝမ်းသာပီတိဖြစ်ရသည်။ ထို့ကြောင့်ပင် ပရိယတ္တိ သာသနာ့ဝန်ဆောင် ရဟန်းတော်များကို ပစ္စည်းလေးပါးဖြင့် ပူဇော်နေကြကုန်သော လူပုဂ္ဂိုလ်အပေါင်း သည်လည်း ပရိယတ္တိသာသနာကို ထိန်းသိမ်းစောင့်ရှောက်သူမည် ပေတော့သည်။
ကျွန်းသားငမန်း