မကြာမီကျင်းပတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာချိန် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မေးခွန်းပုံစံများစွာ ထွက်ပေါ်နေပြီး အဲဒီမေးခွန်းပုံစံတွေအပေါ်မှာ အထူးသတိထား သုံးသပ်ဖို့ လိုအပ်တယ်လို့ စာသင်သက်အတွေ့အကြုံများစွာ ရှိထားတဲ့ ပြင်ပဝါရင့်ဆရာ/ဆရာမအချို့က ပြောပါတယ်။

အဲဒီလူမှုကွန်ရက်ပေါ်က မေးခွန်းပုစ္ဆာအချို့ဟာ ကျောင်းသား/ကျောင်းသူတွေသာမက ဆရာ/ဆရာမတွေပါ ဖြေရှင်းလို့ မရနိုင်တဲ့ ပုစ္ဆာအချို့ပါဝင်နေသလို ဦးနှောက်ကို အဆိပ်သင့်စေနိုင်တဲ့ပုစ္ဆာတွေကို အခုလို စာမေးပွဲ နီးကပ်ချိန်မှာ တွက်နေမယ့်အစား ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့လုပ်ဆောင်ဖို့လိုအပ်တာတွေနဲ့ ပတ်သက်လို့ ဝါရင့်သင်္ချာဆရာကြီး ဦးမောင်မောင်တီ(သင်္ချာ)က ပြောပါတယ်။ အရင်နှစ် မေးခွန်းပုံစံတွေကို လေ့လာကြည့်ရင် ပြဋ္ဌာန်းစာအုပ်ထဲကပုစ္ဆာတွေကို အကြောင်းအရာပြောင်းပြီး မေးတာ၊ ဂဏန်းပြောင်းပြီးမေးတာ၊ အပေါင်းကိုအနုတ်၊ အနုတ်ကိုအပေါင်း ပြောင်းလဲပြီးမေးတာသာရှိပြီး ဒါပေမဲ့ သုံးရမယ့်အနေအထားနဲ့ တွက်ရမယ့်ပုံစံတွေအားလုံးက အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့်မတ်လမှာ ကျင်းပမယ့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုဖို့ လျှောက်လွှာတင်ထားသူတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၂)သိန်း(၂)သောင်းကျော်ရှိတယ်လို့ ဖေဖေါ်ဝါရီ(၃)ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။